မဲခေါင်၊ ဇူလိုင် ၃၁
ကရင်နီပြည်နယ်တွင်းက ကာလရှည်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက် အလှူရှင်တွေ လျော့နည်း လာတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက် နေသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ အစောပိုင်း တော်လှန်ရေး စတင်တဲ့ ကာလ စစ်ရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ အလှူငွေရှာတဲ့ ကမ်ပိန်းတွေ သိန်းရာနဲ့ချီပြီး အောင်မြင်ခဲ့ပေမယ့် အခုကာလမှာတော့ ကမ်ပိန်း အောင်မြင်ဖို့ ရုန်းကန်နေရတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပြပါတယ်။
“၂၀၂၃ ထဲမှာ ရန်ပုံငွေ ရှာဖွေရေးပိုင်းတွေမှာ တော်တော်လေး အားနည်းလာတာကို တွေ့ရတယ်။ ပြည်သူတွေ ပန်းတာတွေရော၊ အဓိက ကတော့ စီးပွားရေး ကြပ်တည်းတာတွေရောကြောင့် နည်းနည်းလေး ခက်ခဲ လာတာတော့ တွေ့တယ်။ ပရောဂျက်တွေ ရှာတာ အရင်ကလိုတော့ မသွက်တော့ဘူး။ သိပ်ပြီး အဆင်မပြေတော့ဘူးဗျ” လို့ ကရင်နီပြည်နယ် အတွက် ရန်ပုံငွေ ရှာဖွေပေးနေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုက ပြည်သူတွေ အတွက် အခက်အခဲ ဖြစ်စေပြီး အလှူငွေ လျော့နည်းလာစေတယ်လို့ စစ်ရှောင် ကူညီသူ တစ်ဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တော်လှန်ရေးမှာ ပါဝင်တဲ့ ပြည်သူတွေ အနေနဲ့ တိုက်ခိုက်ရေး ကမ်ပိန်းတွေကို လှူဒါန်းနေရတာကြောင့် စစ်ရှောင်တွေ ကူညီတဲ့ဘက်မှာ လျော့နည်းလာတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
“တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ အချိန်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ ပိုပြီး လိုအပ်လာတော့ ကာကွယ်ရေးဘက်မှာ ပိုပြီး အားဖြည့်နေတော့ စစ်ရှောင်တွေကို အားဖြည့်တဲ့ဘက်မှာ နည်းနည်းလေး လျော့နည်းသွားတာပေါ့နော်” လို့ စစ်ရှောင် ကူညီသူ နောက်တစ်ဦးက ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ မေလကစပြီး စစ်ကောင်စီရဲ့ တပ်မ (၅) ခုနဲ့ စစ်ကြောင်းထိုးခံနေရတဲ့ ကရင်နီမှာ လက်ရှိအချိန်ထိ နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ဒေသခံ ၃ သိန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတာပါ။
အဆိုပါ ဒေသခံတွေအတွက် ပြည်နယ်တွင်းက လူမှုကူညီရေး အဖွဲ့အစည်းတွေ အပါအဝင် ပြည်နယ်တွင်းက လူ့အခွင့်အရေးဆိုင်ရာဌာနတွေ၊ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့တွေ၊ ပုဂ္ဂလိက စစ်ရှောင် ကူညီသူတွေက ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေဆီကနေ တဆင့် ကောက်ခံပြီး ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
တချို့ စစ်ရှောင် ကူညီရေးအဖွဲ့တွေ ကတော့ NUG လက်အောက်ခံ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး စစ်ရှောင် ပြည်သူတွေအတွက် ရန်ပုံငွေ တောင်းခံတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် အလှူငွေရရှိမှု အပါအဝင် ရန်ပုံငွေ ရရှိမှုနဲ့ စာရင် စစ်ရှောင်ပြည်သူတွေ အဆမတန် များပြား နေတာကြောင့် လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
MK-009
#MeKongNews
#ကရင်နီ
#စစ်ဘေးရှောင်
#စစ်ကြောင်းထိုး








