မဲခေါင်၊ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးက လက်ခတ်တောင် စခန်းကုန်း အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် စခန်းကုန်း အနီးတဝိုက်နေ ဒေသခံတွေဟာ နေရပ် မပြန်ရဲသေးဘဲ နီးစပ်ရာမှာ ဆက်လက် တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ပထမပတ်ကစပြီး ကျောက်တောင်၊ လက်ခတ်တောင်၊ မေတ္တာလင်းမြိုင် ဘက်တွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာပါ။
“ဒီရက်ပိုင်း ပြန်ငြိမ်သွားပြန်ပြီ။ စစ်ရှောင်တွေ ကတော့ မပြန်ရဲသေးဘူး။ ရွှေမြင့်မိုရ်ဦး လမ်းကြားထဲက ၃ အိမ်လား ၄ အိမ်လား မသိဘူး ခွဲပြီး နေကြတယ်တဲ့။ ရွှေမြင့်မိုရ်ဦး ဆိုတာ မေတ္တာလင်းမြိုင်နားမှာပဲ၊ သိပ်မဝေးဘူး” လို့ မြဝတီမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ခတ်တောင် ဘုန်းကြီးကျောင်းက သံဃာတွေကတော့ မြဝတီမြို့တွင်းက တောင်တန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပြီး ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေ အိမ်တွေမှာ သွားရောက် နေထိုင်ကြတာတွေလည်း ရှိနေတာပါ။
ဒါ့အပြင် မြဝတီ၊ တောရဘုန်းကြီးကျောင်းထဲမှာလည်း မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်၊ အတွင်းမဲကနယ်နဲ့ စိမ်းလဲ့မြိုင် ကားဝင်းဘက်က စစ်ဘေးရှောင် ပြည်သူတွေ ရှိနေတာပါ။
အဆိုပါ စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာတွေကို မြို့နေပြည်သူတွေနဲ့ စစ်ရှောင် ကူညီရေးအဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေက လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
လက်ခတ်တောင် စခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေ ဇူလိုင် ၂၁ ရက်မှာ သိမ်းပိုက်ခဲ့ပြီး စစ်ရေးအတွက် အရေးပါတဲ့ အဲ့ဒီနေရာကို စစ်တပ်က ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒီဗျူဟာစခန်းက စစ်ရေးအရ ဗျူဟာရေးဆွဲပြီးတော့ ဘေးပတ်ဝန်းကျင်ကို အများကြီး စစ်ရေးအရ လှုပ်ရှားနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်း ကတည်းက စခန်းကုန်းကို သိမ်းဖို့ ကျွန်တော်တို့ စဉ်းစားချက် ရှိပါတယ်။ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက ပြည်သူလူထုနဲ့ တော်လှန်ရေးဘက်ကို အခက်အခဲတွေ ပေးတဲ့အတွက် ဒီစခန်းကုန်းကို စဉ်းစားထားတာ ဖြစ်ပါတယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒို စောကလယ်စေး က ရှင်းပြပါတယ်။
လက်ခတ်တောင် စခန်းကုန်းက စစ်ကောင်စီတပ်ဟာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီး ပစ်ခတ်လေ့ရှိရာ ဒီပစ်ခတ်မှုတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အတွက် ခြိမ်းခြောက်မှု မရှိဘဲ ပြည်သူတွေကိုသာ ထိခိုက်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ တပ်မဟာ (၆) အတွင်းက KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်၊ Federal Wings၊ ရောင်နီ စတဲ့ ပူးပေါင်းတပ်တွေဟာ စခန်းကုန်းကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၁၈)၊ (၈)၊ (၉) နဲ့ (၂) တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ၂ ရက်တာ တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်တွေ ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေ အတွင်း အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးပြီး အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဓိက ဝင်ငွေလမ်းကြောင်း တစ်ခု ဖြစ်တဲ့ မြဝတီမြို့နယ်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒို ကလယ်စေး က သုံးသပ်ပါတယ်။
လက်ရှိ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်နဲ့ သံတောင်မြို့နယ်တွေက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒေသခံ ၂ သိန်းကျော်အထိ ရှိလာတယ်လို့ ကရင် အရပ်ဖက် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
MK-009
#Mekongnews
#မြဝတီမြို့
#KNLA
#လက်ခတ်တောင်








