မဲခေါင်၊ ဇူလိုင် ၁၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်က တစ်ရွာကို တပ်သားသစ် ၅ ဦးပေးရမယ်ဆိုပြီး စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်း-ကရင်နီ နယ်စပ်ဘက်မှာ နိုင်ငံတော် တာဝန်ထမ်းဆောင်ဖို့ လူလိုအပ်တဲ့အတွက် ညောင်ရွှေမြို့နယ် တောင်ပိုင်း ကျေးရွာတွေက တပ်သားသစ် စုဆောင်းတာလို့ PNO ပြည်သူ့စစ်က ပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသနဲ့ နိုင်ငံတော် လုံခြုံရေး အတွက် ဇူလိုင်လကုန်အထိ တပ်သားသစ် မပေးနိုင်တဲ့ ကျေးရွာတွေ အနေနဲ့ တစ်လကို တစ်အိမ် ၃ သောင်းကျပ် လုံခြုံရေးကြေး ပေးရမယ်လို့ PNO ပြည်သူ့စစ်အဖွဲ့က ပြောဆိုကြောင်း ဒေသခံတွေက ဆိုပါတယ်။
အခုလို PNO ပြည်သူ့စစ်က ရပ်ရွာလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်နဲ့ တပ်သားသစ် တောင်းရာမှာ PNO အုပ်ချုပ်ရေး ယန္တရားရဲ့ မြို့နယ်မှူး၊ အုပ်စုမှူးတွေက တစ်ဆင့် ကျေးရွာသူကြီးကို ဖိအားပေး စုဆောင်းခိုင်းတာလို့ ဒေသခံတွေက ပြောဆိုတယ်။
PNO က အဲ့ဒီလို ဖိအားပေး စုဆောင်းခိုင်းလို့ ကျေးရွာ တစ်ချို့က ရွာသူကြီးတွေဟာ သူကြီးမလုပ်ချင်တော့ဘဲ နှုတ်ထွက်ချင်ကြတယ်လို့ ညောင်ရွှေမြို့နယ် တောင်ပိုင်း ကျေးရွာသူကြီး တစ်ဦးက ပြောပါတယ်။
“ရွာသူကြီးတွေကို ရွာသားတွေက လေးစားတယ်။ သူကြီးတွေကို မလေးစားဘဲ ကျွန်လိုခိုင်းချင်တာ ဆက်ဆံတာတွေက အဲ့ဒီ လက်နက်ကိုင်ထားတဲ့လူတွေ။ PNO က အဲ့လို ဖိအားပေးလို့ သူကြီး ဆက်လုပ်ချင်တဲ့ သူတွေ မရှိတော့ဘူး။ သူကြီးလုပ်တယ်ဆိုတာ ရွာအတွက် လုပ်တာလေ။ သူတို့ကို လူစုပေးဖို့ တာဝန်မရှိဘူး” လို့ အဲ့ဒီ ရွာသူကြီးက ပြောပါတယ်။
PNO က အခုလို တပ်သားသစ် တောင်းတာကြောင့် ကျေးရွာတွေမှာရှိတဲ့ လူငယ် အများအပြား ထိုင်းနိုင်ငံဘက် ထွက်သွားဖို့ ပြင်ဆင်နေကြတယ်လို့ လူငယ်တွေရဲ့ မိဘတွေက ပြောပါတယ်။
“PNO စစ်သားလုပ်ရင် ဗမာ စစ်သား (စစ်ကောင်စီ) နဲ့ အတူတူပဲ။ ဗမာစစ်တပ်နဲ့ အတူ စစ်တိုက်ရတယ်လို့ ပြောကြတယ်လေ။ နယ်စပ်မှာလည်း အရင်တိုက်ပွဲတွေတုန်းက ဗမာစစ်တပ်နဲ့ အတူသွားလို့ အများကြီး သေတာလို့ ကျွန်မတို့က သိတယ်လေ။ ကျွန်မသားကိုတော့ PNO ကိုမပေးနိုင်ဘူး။ ထိုင်းကိုပဲ သွားခိုင်းမယ်” လို့ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
PNO က အခု တပ်သားသစ် စုဆောင်းရာမှာ ညောင်ရွှေမြို့နယ် စံကားကျေးရွာအုပ်စုရှိ ကျေးရွာတွေကို အဓိက စုဆောင်းတာဖြစ်ပြီး ရှမ်း၊ ပအိုဝ်း၊ အင်း တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကလည်း တစ်ရွာကို ၂ ယောက်နှုန်းနဲ့ PNO က တပ်သားသစ် စုဆောင်းဖူးပါတယ်။
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က အခုလို စစ်သား စုဆောင်းတာနဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ပအိုဝ်းတိုင်းရင်းသား မီဒီယာ တစ်ခုဖြစ်တဲ့ ခမ်းသားငေါဝ်း သတင်းဌာန မှာတော့ PNO တာဝန်ရှိသူ ခွန်ထွန်းရွှေ က “သူတို့ဒေသနဲ့ သူတို့ရှိတာပေါ့၊ ကျွန်တော့် အနေနဲ့ အားလုံး မသိနိုင်ဘူး” လို့ စစ်သား စုဆောင်းမှုနဲ့ ပတ်သက်ပြီး ပြောဆိုထားပါတယ်။
PNO ပြည်သူ့စစ်ဟာ ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို ၎င်းတို့ သယ်ဆောင်လာတဲ့ မြေဩဇာတွေ တစ်အိမ် ၃ အိတ်၊ တစ်အိတ် တစ်သိန်းတစ်သောင်းကျပ်နှုန်းနဲ့ မဝယ်မနေရ ဝယ်ခိုင်းခဲ့ပါသေးတယ်။
ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ၊ ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြ ဆက်ကြေးငွေ တောင်းတာတွေကြောင့် ဒေသတွင်း နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
CJ-002
#MekongNews
#ညောင်ရွှေမြို့နယ်
#PNO-ပြည်သူ့စစ်
#စစ်သားစုဆောင်း








