မဲခေါင်၊ ဇူလိုင် ၇
ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာမြို့ အနီးက နမ်ဆန်ယန်ရွာဝန်းကျင်မှာ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ရွာ တဝိုက် ပြီးခဲ့တဲ့ လ အနည်းငယ်ခန့်ကစ စစ်ကောင်စီဘက်ကအင်အားဖြည့် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ် လှုပ်ရှား လာတာ တွေ့ရတယ်လို့ ဒေသခံ က ပြောပါတယ်။
“တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်။ ရွာက လူတွေကို မနေ့က နောက်ဆုံးထား ပစ္စည်း လာယူဖို့ ပြောတယ်။ လမ်းတွေလည်း မနေ့က နောက်ဆုံး သွားလာခွင့် ပြုတယ်လို့ ပြောထားတယ်” လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။
ဗန်းမော် – နမ်ဆန်ယန် – မြစ်ကြီးနား လမ်းနဲ့ လိုင်ဇာ – နမ်ဆန်ယန် – မြစ်ကြီးနား လမ်းကို သွားလာခွင့် ပိတ်ထားမှာ ဖြစ်ပြီး ဘယ်နေ့ အထိ ဆိုတာမသိရဘဲ ကြာမယ့် အခြေအနေမှ ရှိတယ် လို့ ဆိုပါတယ်။
“၃ ရက်နေ့က တိုက်ပွဲ ၂ ခါ ဖြစ်တယ်။ မနက် အစောပိုင်း ၅ နာရီ ဝန်းကျင် ၁ ကြိမ်။ ၉ နာရီ ဝန်းကျင် ၁ ကြိမ်။ ရွာမှာ လူတောင် မရှိတော့ဘူး။ အကုန်ပြေးရပြီ” လို့ စစ်ရှောင် ပြည်သူ ၁ ဦးက ပြောပါတယ်။
ရွာမှာ အိမ်ခြေ ၃၀၀ ခန့် ရှိတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ လူဦးရေ ၁၀၀၀ ဝန်းကျင် ခန့် ရှိနိုင်ပြီး အနီးနားမှာ ရွှေ လုပ်သားတွေလည်းရှိကာ တိမ်းရှောင်သူ များတယ်လို့ သူက ပြောပါတယ်။
ရုတ်တရက် ဦးတည်ရာ ထွက်ပြေးကြရတာကြောင့် ဘယ်သူတွေက ဘယ်နေရာေတွဘက်ကို ထွက်ပြေးကြလဲ ဆိုတာတော့ အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။
ဇူလိုင်လ ၃ ရက်၊ ၄ ရက်နေ့ တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၅ ရက်၊ ၆ ရက် နေ့တွေမှာတော့ တိုက်ပွဲငြိမ်တဲ့အချိန် ဒေသခံေတွ ပစ္စည်း သယ်ယူနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့မှာတော့ အင်အားဖြည် စစ်ကူ လာတဲ့ စစ်ကောင်စီကို မဒီးယာန် မှာ ဖြတ်တိုက်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော် နားလုံ ရွာအနီး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို ခါယာရွာ အနီးမှာ တကြိမ်၊ အောင်ဂျာရွာအနီးမှာ တကြိမ် ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မနေ့က ဇူလိုင် ၆ ရက်နေ့ အထိ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှု ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ဒေသခံ အချို့ ထွက်ပြေး တိမ်းရှောင် သွားကြတယ် လို့ ဆိုပါတယ်။
နမ်ဆန်ယန်ရွာက ဒေသခံ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်ကောင်စီနဲ့ KIA တို့အကြား တကျော့ပြန် စစ်ပွဲ ပြင်းထန်ခဲ့တာ ကြောင့် ရွာလုံးကျွတ် တိုက်ပွဲ တိမ်းရှောင် ထွက်ပြေးခဲ့ ကြရပြီး ၂၀၁၉ နှစ်ကုန်ပိုင်းမှာမှ နေရပ်ပ့န်ကာ အခြေချနေထိုင်ကြပြီး အခု ၄ နှစ် ဝန်းကျင်ခန့် အကြာမှာ တိုက်ပွဲ ပြန်လည် တိမ်းရှောင်ရတာပါ။
CJ-008
#MeKongNews
#KIA
#စစ်ကောင်စီ
#နန့်ဆန်ယန်
#တိုက်ပွဲ








