မဲခေါင်၊ ဇူလိုင် ၆
ထိုင်းတာဝန်ရှိသူတွေဟာ ဇူလိုင် ၅ ရက်နေ့က ချင်းရိုင်ခရိုင်၊ အန်သောင်စာသင်ကျောင်းက အသက် ၇ နှစ်ကနေ ၁၆ နှစ်အထိရှိတဲ့ မြန်မာကျောင်းသား ကျောင်းသူ ၁၂၆ ယောက်ကို ဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ် နေတဲ့အတွက် ကလေးငယ်များ ကာကွယ်ရေး ဥပဒေ အခြေခံ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံတွင်း နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း မပါတဲ့ ကျောင်းသားတွေ ဖြစ်တယ်ဆိုပြီး ထိုင်း အာဏာပိုင်တွေက ဇူလိုင် ၅ ရက်မှာ ဒီကလေးတွေကို မြန်မာနိုင်ငံ ပြန်မပို့မီ နယ်စပ်မှာ ထားရှိမယ့် စခန်း ၅ ခုထံကို ဘတ်စ်ကား ၄ စီးနဲ့ ခွဲပို့ဆောင် ခဲ့ပါတယ်။
ဘန်သောင် အခြေခံပညာရေး ကော်မရှင်ရုံးက သူတို့နယ်ထဲ စာသင်ကျောင်း တစ်ကျောင်းမှာ ပုံမှန်မဟုတ်တဲ့ ကလေးရာကျော် တက်ရောက် သင်ကြားနေကြောင်း စုံစမ်းသိရှိရလို့ စစ်ဆေးရာက ထိုင်းနိုင်ငံသား ကလေးငယ် တွေမဟုတ်ဘဲ မြန်မာနိုင်ငံက တရားမဝင် လာရောက် ပညာသင်နေတဲ့ ကလေးတွေဖြစ်တာ သိရှိရလို့ လူမှု ဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာ နကိုယ်စားပြုသူတွေ၊ ရဲအရာရှိတွေ ခြံရန်ပြီး ယာယီစခန်းတွေဆီ သွားပို့လို့ မကြာခင် မြန်မာနိုင်ငံဘက် ပြန်လွှဲအပ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း ရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။
ချင်းရိုင်ခရိုင်ကောင်စီ ကလည်း တရားမဝင် မြန်မာ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ မူလတန်းကျောင်း တာဝန်ရှိသူတွေကို အရေးယူနေပြီး ကျောင်းလေးတွေဟာ ဒီလို တရားမဝင် ခိုလှုံကျောင်းသားတွေ များလွန်း လာလို့ ဌာနေကျောင်းက ဆရာတွေ ဖိအားများရကြောင်း ထုတ်ဖော်ပြောဆို သွားပါတယ်။
နိုင်ငံမဲ့များ အခြေအနေ ဖောင်ဒေးရှင်း မန်နေဂျာ ဆန်တီပေါင် မွန်ဖူယန်း ကတော့ မြန်မာ ကျောင်းသား ကလေးငယ် တွေဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ အကာအကွယ်ပေးရမယ့် သူတွေ ဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံ ဒေသ အသီးသီး စစ်ဇုန်ထဲ ရောက်နေလို့ မလုံခြုံတဲ့ အခြေအနေမှာ ခိုလှုံလာရသူတွေဖြစ်လို့ ကလေးတွေကို စစ်ဇုန်ထဲ ပြန်ရောက်စေမယ့် နေရပ်ပြန်ပို့မှု မလုပ်သင့် သလို အရေးယူမှုပင် မလုပ်ထိုက်ကြောင်း သူကဝေဖန်သွားပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ် ပညာရေးဌာန ကထိက စရီပါဖာပက်ချ်မီဆရီ ကလည်း တရားဥပဒေကြောင်း အရ၊ နိုင်ငံသားဖြစ်မှု ဥပဒေကြောင်းအရ ဘောင်မဝင်လည်း ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ကလေးငယ်များ စောင့်ရှောက်ရေး အက်ဥပဒေနဲ့ ကလေးငယ်များ အခွင့်အရေး ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံ ဖြစ်လို့ ဒီကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို လေးလေးနက်နက် နားလည်ခွင့်ပြုရမယ်လို့ ဝေဖန်ပါတယ်။
MKF-001
#MeKongNews
#အန်သောင်စာသင်ကျောင်း
#ချူလာလောင်ကွန်းတက္ကသိုလ်
#ကုလသမဂ္ဂ
Ref: thethaiger








