မဲခေါင်၊ စက်တင်ဘာ ၂၂
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ အေးရိပ်မြိုင်လမ်းရှိ ရာဘာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အနီးဝန်းကျင်ကျေးရွာများနှင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့အထိ အနံ့ပျံ့နှံ့ပြီး ဒေသခံများ ကျန်းမာရေးထိခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအနံ့ဆိုးကြောင့် ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပိုမိုခံစားနေရကြောင်း ရန်အောင်မြေရပ်ကွက် နေသူတစ်ဦးက ပြောသည်။
“ပါလျှံတင် မဟုတ်ဘူး ဟောင်လိတ် လေယာဉ်ကွင်းဘက်မှာလည်း အရမ်းနံတယ်။ ညနေ ရောက်လာရင် အိမ်အပြင်ဘက်တောင် မနေနိုင်ဘူး။ ခေါင်းပါကိုက်တယ်။ တံခါးပိတ်ပြီး အိမ်ထဲမှာပဲ နေမှ ရတာ” ဟု ၎င်းကပြောသည်။
ဟောင်လိတ်၊ ပါလျံမြို့ပတ်လမ်း၊ ပါလျံ ၃ စျေး၊ ပါဆတ်၊ လွယ်စတုံ ဘက်များမှ အနံ့ဆိုးရရှိကြကြောင်း ဒေသခံများက ပြောသည်။
ရာဘာစက်ရုံမှ အနံ့ဆိုးများသည် အထူးသဖြင့် ညနေပိုင်းနှင့် ည ၇ နာရီခန့်တွင် ပိုမိုပြင်းထန်ပြီး ဖန်မင်ကျေးရွာအနီး မယ်ယန်း၊ မယ်ဟုတ်၊ ဝမ်လုံးကျေးရွာများအပြင် မြို့အဝင် ပါဆတ်နှင့် တစ်ခါတစ်ရံ ရန်အောင်မြေ ရပ်ကွက်အထိ ပျံ့နှံ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ညက တအားနံတာ၊ အနံ့က မူးနေတာပဲ။ ပါလျံမြို့ပတ်လမ်းဘက်မှာ တော်တော်ဆိုးတယ်။ ညဘက်ဆို ပိုပိုနံတယ်။ အိပ်မရဘူး။ ကြာနေပြီ နံနေတာ။ ညည ပိုပြင်းလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများရှိနေသည့် အနံ့ဆိုးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးကာ အနံ့ဆိုးထွက်ရှိမှုကို ထိန်းချုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
#MeKongNews
#အနံ့ဆိုး
#တာချီလိတ်
#ရာဘာစက်ရုံ
#ကျန်းမာရေး








