မဲခေါင်၊ စက်တင်ဘာ ၂၁
ကိုးကန့်အထူးဒေသ(၁)၊ လောက်ကိုင်မြို့၊ ကုန်းကြမ်းလမ်းရှိ လိင်ဖျော်ဖြေရေးဂေဟာတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးအချို့အကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားပြီး ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
သတင်းရင်းမြစ်၏ အဆိုအရ ယမန်နေ့ စက်တင်ဘာ ၂၀ ရက် ညပိုင်းက ယင်းအမျိုးသားသည် လိင်ဖျော်ဖြေရေးဝန်ဆောင်မှုရယူပြီး ငွေပေးချေရန် ကျန်ရှိနေသည်ဟု အမျိုးသမီးများဘက်က ပြောဆိုရာမှ အငြင်းပွားမှုစတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း အလားတူ ငွေကြေးကိစ္စများရှိခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ရုပ်သံတွင် ပါဝင်သူတစ်ဦးက “သူက ခုတစ်ခါမှ မဟုတ်ဘူး၊ အရင်လည်း ရှိခဲ့ပြီ၊ ခုက မရတော့ဘူး၊ ရိုက်လွှတ်မှ ဖြစ်တော့မှာ” ဟု တရုတ်ဘာသာဖြင့် ပြောဆိုထားသည်။
မဲခေါင်သတင်းက တွေ့မြင်ရသည့် ရုပ်သံမှတ်တမ်းအရ အမျိုးသားတစ်ဦးအပါအဝင် အမျိုးသမီးအချို့နှင့် အခြားသူများက ယင်းအမျိုးသားကို ဝိုင်းဝန်းရိုက်နှက်ကန်ကျောက်နေသည်ကို တွေ့ရပြီး အခင်းဖြစ်နေရာတွင် လူစုလူဝေးဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေသည်ကို တွေ့ရသည်။
#MeKongNews
#လောက်ကိုင်
#လိင်ဝန်ဆောင်မှု
#ကုန်းကြမ်း
#ရိုက်နှက်








