မဲခေါင် | ဇူလိုင် ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနိုင်သည့် ဒေသများရှိ ကျေးရွာလမ်းများကို ပြုပြင်ထိန်းသိမ်းရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ရှိသူများကို အရေးယူမည်ဟု PNO တာဝန်ရှိသူတစ်ဦးက ညွှန်ကြားခဲ့ကြောင်း သိရသည်။
PNO တာဝန်ရှိသူတစ်ဦးက ပအိုဝ်းဒေသရှိ ကျေးရွာအများစုတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားနေပြီး အထူးသဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများ၌ ကျေးရွာအဝင်အထွက်လမ်းများ အသုံးပြုရခက်ခဲနေကြောင်း ပြောကြားခဲ့သည်။
ထိုသို့သော အခြေအနေများကြောင့် စစ်ရေးအခြေအနေတွင် PNA တပ်သားများ ဆုတ်ခွာရာ၌ အခက်အခဲများ ဖြစ်ပေါ်နိုင်သဖြင့် လမ်းများကို အမြန်ပြုပြင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
“စစ်တိုက်လို့ ရှုံးပြီး ဆုတ်ခွာရတဲ့အချိန်မှာ လမ်းမကောင်းရင် တပ်သားတွေအတွက် အခက်အခဲ ဖြစ်နိုင်တယ်။ ဒါကြောင့် လမ်းတွေကို မဖြစ်မနေ ပြုပြင်ထားရမယ်။ မလိုက်နာတဲ့ ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာတာဝန်ရှိသူတွေကို အရေးယူသွားမယ်” ဟု PNO တာဝန်ရှိသူက ကျေးရွာတာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်သည် ၂၀၂၃ ခုနှစ်မှစတင်၍ စစ်ကောင်စီတပ်၊ PNA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။
တိုက်ပွဲများကြောင့် ကျေးရွာအချို့ရှိ လမ်းများနှင့် တံတားများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ စိုက်ပျိုးရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
“လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ဆိုတာ ပြည်သူတွေအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံပါ။ စစ်ရေးအတွက် လမ်းပြင်ခိုင်းတာ၊ စစ်ရှုံးရင် ရွာထဲဝင်ပြေးဖို့ လမ်းထားခိုင်းတာမျိုးတော့ မကြားဖူးဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ဆိုတာ အစိုးရရဲ့ တာဝန်ဖြစ်တယ်။ အခုတော့ ပြည်သူတွေကိုပဲ ပြန်ပြီး တာဝန်ပေးနေသလို ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသခံများကမူ လမ်းပန်းဆက်သွယ်ရေးသည် စစ်ရေးရည်ရွယ်ချက်အတွက်သာမက ပြည်သူများ၏ နေ့စဉ်သွားလာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည့် အခြေခံအဆောက်အအုံဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပြုပြင်ရေးကို စစ်ရေးနှင့် ချိတ်ဆက်ညွှန်ကြားခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
#MeKongNews
#ပအိုဝ်း
#ပင်လောင်းဒေသ
#လမ်းပြုပြင်
#တပ်သား
#PNA








