မဲခေါင်၊ ဇူလိုင် ၄
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် ကားသူခိုးတစ်ဦးကို ဖမ်းဆီးရမိသည်ဟု တအာင်းတပ်ဖွဲ့ -TNLA ၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။
နမ့်ဆန်မြို့တွင်းရှိ ကားဝပ်ရှော့တစ်ခုအတွင်းမှ ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ခိုးယူကာ ရောင်းစားခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သက်သေအထောက်အထားများအပေါ် အခြေခံ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် အသက် ၂၉ နှစ်အရွယ် ဦးအောင်ကျော်ဦးသည် နမ့်ဆန်မြို့ရှိ ဘုရားကြီးကားဝပ်ရှော့အတွင်း သော့တပ်လျက် ရပ်နားထားသည့် ဟိုက်ဂျက်မော်တော်ယာဉ်တစ်စီးကို ခိုးယူကာ သီပေါမြို့သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကားပိုင်ရှင်က တအာင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများနှင့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ဆေးတွေ့ရှိချက်များအရ ဦးအောင်ကျော်ဦးသည် ခိုးယူသွားသည့် ဟိုက်ဂျက်မော်တော်ယာဉ်ကို သီပေါမြို့ရှိ မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သူထံ ကျပ် သိန်း၂၃၀ ဖြင့် ရောင်းချခဲ့ပြီးနောက် ဇွန် ၃၀ ရက်တွင် ဆိုင်ကယ်ဖြင့် သီပေါမြို့မှ နမ့်ဆန်မြို့သို့ ပြန်လာစဉ် စစ်ဆေးရေးဂိတ်တစ်ခု၌ ကားရောင်းရသည့် ငွေသားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ကားကတော့ ပြန်မရဘူး။ ကားသူခိုးက ရောင်းစားလိုက်ပြီ။ ကားရောင်းလို့ရတဲ့ ငွေကိုတော့ သက်သေခံပစ္စည်းအဖြစ် သိမ်းမိထားတယ်။ စစ်ဆေးမှုပြုလုပ်ပြီး မူလကားပိုင်ရှင်ကို သိမ်းမိတဲ့ငွေကို အပ်နှံသွားမယ်တဲ့”ဟု တအာင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းကားသူခိုးကို တအာင်းရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး TNLA ဥပဒေဖြင့် တရားစွဲအရေးယူသွားမည်ဟု ဆိုသည်။
#MeKongNews
#ကားသူခိုး
#TNLA
#ဖမ်းဆီး
#နမ့်ဆန်








