မဲခေါင်၊ ဇူလိုင် ၃
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံရွာတွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ပြည်သူပိုင် ဘက်ဟိုးယာဉ် ၁၃ စီးအား မူလပိုင်ရှင်အား ပြန်ပေးရန် မိုးညှင်းမြို့နယ်တရားရုံး၊ မိုးညှင်းခရိုင်တရားရုံး၊ ကချင်ပြည်နယ် တရားလွှတ်တော်တို့က အဆင့်ဆင့်အမိန့်ချမှတ်ခဲ့သော်လည်း စစ်ကောင်စီစစ်တိုင်းမှူးက ပြန်မပေးပဲ ဘက်ဟိုးကို အငှားချလုပ်စားနေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
စစ်တပ်က တရားရုံးအမိန့်ကို လွန်ဆန်ကာ ယခုကဲ့သို့ ပြည်သူပိုင် ပစ္စည်းကို မတရားဆက်သိမ်းကာ စစ်တိုင်းမှူးက အငှားချလုပ်စားနေသဖြင့် မူလပိုင်ရှင်များမှာ အလွန်နစ်နာနေလျက်ရှိသည်ဟု သတင်းရင်းမြစ်များကပြောသည်။
ထို့အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်-မပခတိုင်းမှူးက ယခု ဘက်ဟိုး ၁၃ စီးကို ပြန်လိုချင်ပါက သိန်း ၆၀၀၀ ပေးရန် ငွေညှစ်နေသည်ဟုလည်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
“တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက တရားမဝင်ဘက်ဖိုးတွေနဲ့ တခြားပစ္စည်း ခိုင်းသွင်းတာတွေကို ဒုတိုင်းမှူးကို လုပ်ခိုင်းပါတယ်။ ခွဲတမ်းအများစုကိုတော့ တိုင်းမှူးက ယူပါတယ်။ အဲ့လိုလုပ်နေလို့ ဒု-တိုင်းမှူး အရေးယူခံရပေမယ့် တရားခံအစစ် တိုင်းမှူးက လွတ်မြော်ကနေဆဲဖြစ်ပါတယ်။ အခု ဘက်ဟိုး ကိစ္စမှာလည်း တိုင်းမှူးက ကျပ်သိန်းခြောက်ထောင်တောင်းလို့ ပိုင်ရှင်က မရွေးနိုင်ဘူးဖြစ်နေတယ်။ တရားရုံးက ပြန်ပေးဖို့ အမိန့်ချပေမယ့် တိုင်းမှူးက ပြန်မပေးဘူး”ဟု မဲခေါင်၏ သတင်းအရင်းအမြစ်ကပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အမှတ် ၁၅ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးရဲမင်းထက် ခေါင်းဆောင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် မိုးညှင်းမြို့နယ် ပင်လုံရွာတွင် ရပ်နားထားသည့် ပြည်သူ၉ဦးပိုင် ဘက်ဟိုးယာဉ်များကို ဖမ်းဆီးကာ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲသည်ကို မြို့နယ်တရားရုံးက ဘက်ဟိုးယာဉ်များသည် တရားဝင် အခွန်ဆောင်တင်သွင်းထားသည့် ယာဉ်များဖြစ်ပြီး အပြစ်အနေဖြင့် ယာဉ်စီးကမ်းဖောက်ဖျက်မှုသာ ကျုးလွန်သဖြင့် ဒဏ်ငွေ ၅ သိန်းကျပ်စီပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချမှန်ခဲ့သည်။ ထို့အပြင် သက်သေခံပစ္စည်းဖြစ်သည့် ဘက်ဟိုးယာဉ် ၁၃စီးကိုလည်း ပိုင်ရှင်များထံ ပြန်လည်အပ်နှံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမိန့်ချသည်ကို မကျေနပ်သဖြင့် စစ်ကောင်စီတပ်က မိုးညှင်းခရိုင်တရားရုံး၊ ထိုမှတစ်ဆင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ အဆင့်ဆင့် ဆက်လက်တင်သွင်းတရားစွဲခဲ့သော်လည်း ခရိုင်တရားရုံးနှင့် ကချင်ပြည်နယ် တရားလွှတ်တော်က မြို့နယ်တရားရုံးအမိန့်ကိုသာ ဆက်လက် အတည်ပြုခဲ့သည်။
ထို့အပြင် မဲခေါင်သတင်းဌာနက ရရှိသည့် စာရွက်စာတမ်းများတွင် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ-ကာ/လုံ က ယင်းဘက်ဟိုးများအား ပိုင်ရှင်ကို ပြန်ပေးကြရန် ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ သို့ ၂၀၂၆ခုနှစ် မတ်လ ၁၆ရက်တွင် စာပို့အကြောင်းကြားခဲ့သည်ကိုတွေ့ရသည်။ သို့သော် ယနေ့အချိန်ထိ မပခ တိုင်းမှူးနှင့်မိုးညှင်းတပ်နယ်သည် ဘက်ဟိုးများကို ပိုင်ရှင်ထံ ပြန်မပေးပဲ ငွေကျပ်သိန်း ၆၀၀၀ တောင်းနေခြင်းဖြစ်သည်။
“တရားရုံးက ဆုံးဖြတ်ပြီးပေမယ့် တပ်ဖက်က ပြန်မအပ်လို့ နစကသို့ တင်ပြကြရာ နကသမှ ၁၆-၃-၂၀၂၆ရက်စွဲပါစာဖြင့် ကာကွယ်ရေးကတစ်ဆင့် ကကကြည်း၊ ကကကြည်းကမှတစ်ဆင့် မပခကို ဘက်ဟိုးပြန်ပေးလိုက်ဖို့ အကြောင်းကြားပေမယ့် ဒီနေ့ဒီအချိန်အထိ ကာယကံရှင်များက ဘက်ဖိုးကို ပြန်လည်ရရှိခြင်း မရှိသေးပါဘူး”ဟု မဲခေါင်သတင်းရင်းမြစ်ကပြောသည်။
ထိုသို့ တရားရုံးအဆင့်ဆင့်က စစ်တပ်သိမ်းသွားသည့် ဘက်ဟိုးကို ပြန်ပေးရန် အမိန့်ချမှတ်ခဲ့သော်လည်း စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ ဘက်ဟိုးယာဉ်များအား ပိုင်ရှင်ကို ပြန်ပေးခြင်းမရှိသည့်အပြင် စတင်ဖမ်းဆီးစဉ်ကတည်းက ယခုအချိန်အထိ ၃နှစ်ဝန်းကျင် အလွဲသုံးစားပြုကာ နမ္မားစသည့် အခြားနေရာသို့ ငွေကြေးယူပြီး ငှားပေးနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
ယခုဖြစ်ရပ်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အထက်တွင် စစ်ကောင်စီရှိပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိကြောင်း ဖော်ပြနေသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
#MeKongNews
#ဘက်ဟိုးယာဉ်
#ကချင်ပြည်နယ်
#မပခတိုင်းမှူး
#အလွဲသုံးစားလုပ်
ပုံအညွှန်း – သိမ်းဆည်းခံထားရသည့် ဘက်ဟိုးများ








