မဲခေါင်၊ မေ ၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် ကျောက်မဲမြို့သို့ ၎င်းတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၁၀၀ ကျော်ကို တအောင်းတပ်ဖွဲ့- TNLA က မေ ၅ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီ သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၆ ရက်၊ နေ့လယ်၂ နာရီတွင် ကျောက်မဲမြို့ စကခ – ၁နှင့် ခမရ – ၅၀၁ များသို့ စစ်သုံ့ပန်းများ တစ်စုတစ်ဖွဲ့ချင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“၁၀၂၇ ပထမလှိုင်းက ပလောင်ဖက်က ထိန်းသိမ်းထားတဲ့ အဖွဲ့သား ၁၁၀ ဦး ပြန်လွှတ်လာတာပါ”ဟု သတင်းရင်းမြစ်ကဆိုသည်။
စစ်ကောင်စီလော်ဘီ မေစစ်သွေး အကောင့်မှလည်း စစ်သုံ့ပန်း ၁၁၀ ဦးလွတ်မြောက်လာကြောင်းနှင့် ရဲများလည်း ပါလာကြောင်း၊ ကျောက်မဲမှနေ၍ မိသားစုများထံ ဆက်သွယ်လာမည်ဟု ပြောထားကြောင်း တွေ့ရသည်။
၁၀၂၇ စစ်ရေးလှိုင်းများအတွင်း စကခ – ၁ နှင့် ခမရ – ၅၀၁၊ ၅၀၂ တပ်ရင်းများ ဆိုးရွားစွာ ယိုယွင်းခဲ့ရာ ယခုထိ ခမရ – ၅၀၂ တပ်ရင်းမှာ ပြုပြင်နိုင်သေးခြင်း မရှိသည့်အတွက် ရောက်ရှိလာသည့် စစ်သုံ့ပန်းများကို စကခ နှင့် ခမရ – ၅၀၁ တွင်သာ ထားရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“စကခနဲ့ ၅၀၁ ပဲ ပြင်ရသေးတယ်၊ အဲဒီမှာပဲထားတာ။ မြို့ပြင် မိုင်းငေါ့လမ်းကြောင်းက ဝင်လာတာ၊ စစ်တပ် အပြင် အခြားဘာတွေပါတယ်၊ ဘယ်အဆင့်တွေပါတယ်တော့ မသိရဘူး၊ မေးလို့လည်း အဆင်မပြေဘူး။ မိသားစုတွေလည်း ရှိ၊ မရှိ မသိရဘူး” ဟု ယင်းဒေသခံက ပြောသည်။
ယခု စစ်သုံပန်း လွှတ်သည့်ကိစ္စကို TNLA ရော စစ်ကောင်စီပါ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေးများအတွင်း TNLA သည် နန့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်မြို့များကို တိုက်ခိုက် ထိန်းချုပ်ခဲ့သော်လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို စစ်ကောင်စီထံ ပြန်ပေးခဲ့ရပြီး မိုးကုတ်နှင့် မိုးမိတ်ကိုလည်း ပြန်အပ်ရကာ ကွတ်ခိုင်ကိုလည်း MNDAA သို့ ပေးအပ်ခဲ့ရသည်။
#MeKongNews
#စစ်သုံ့ပန်း
#TNLA
#ပြန်လွှတ်
#စစ်ကောင်စီ








