မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်မှုကြောင့် စေတီတော်တစ်ဆူ ထီးတော်မြေခ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းက သီပေါမြို့တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇာတ်စုရပ်ကွက်၊ ရတနာရွှေဂူကျောင်းရှိ ရှေးဟောင်းစေတီတော်တစ်ဆူ၏ ရွှေထီးတော် မြေခပျက်စီးခဲ့ရပြီး၊ ကျောင်းတိုက်ရှိ နှစ်ထပ်သွပ်မိုးဆောင်မှ သွပ်မိုးတစ်ခြမ်းလည်း လန်ထွက်သွားခဲ့သည်။
“မြို့ထဲမှာလည်း အိမ်အချို့ အမိုးတွေလန်ကုန်သလို၊ သစ်ပင်တွေလည်း ကျိုးကျတာတွေ ရှိပါတယ်။ ဒီမနက်တော့ အားလုံး ဝိုင်းဝန်းရှင်းလင်းနေကြပြီ” ဟု ပန်းတိမ်တောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထို့အတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၅ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ မိုးသီးများပါ ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံတွင် လာမည့် မေလအတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ပြီး မိုးရွာသွန်းမှု ပိုများလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။
#MeKongNews
#သီပေါ
#ဘုရားထီးတော်
#မိုးသက်လေပြင်း
#ဇာတ်စုရပ်ကွက်








