မဲခေါင်၊ ဧပြီ ၁၂
UWSA ထိန်းချုပ် ပန်ဆန်းတွင် တရုတ်နိုင်ငံမှ အလိုရှိသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းခေါင်းဆောင် အပါအဝင် ၂၉ ဦးကို တရုတ်နိုင်ငံဘက်သို့ ယနေ့နံနက်ပိုင်းက လွှဲပြောင်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဧပြီ ၁၂ ရက် နံနက် ၉ နာရီက ပန်ဆန်းမြို့၌ ယမန်နေ့တွင် ဟိုတယ်များမှ ဖမ်းဆီးမိသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းဝင်များကို မန်ကန်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်အစိုးရသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယမန်နေ့ က ဖမ်းဆီးရမိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းနဲ့ မူးယစ်ဆေးဝါး အပါအဝင် လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၂၉ ဦးထဲမှာ တရုတ်အစိုးရ အလိုရှိ UWSA ရဲ့ ဒေသခံကတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံသား ၂ ဦး ပါဝင်ပြီး ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးလည်း ပါဝင်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
UWSA ထိန်းချုပ်ဒေသတွင် ၂၀၂၀ ခုနစ် နှောင်းပိုင်းမှစ၍ အိမ်နီးချင်း တရုတ်နိုင်ငံသား လုပ်ငန်းရှင်များကို ယွမ်ငွေနှင့်အခွန်ယူပြီး ဒေသတွင်း နေထိုင်ခွင့်ကတ်၊ ဒေသခံကတ်များ ထုတ်ပေးခဲ့ကာ ယင်းတရုတ်နိုင်ငံသားများကို စိတ်ကြိုက် ငွေကြေးခဝါချ ခွင့်ပြုပြီး လောင်းကစားဝိုင်း၊ ဇိမ်ခန်း၊ ကေတီဗီ၊ ဘား၊ ကာစီနိုရုံ နှင့် ကျားဖြန့်ငွေလိမ်စင်တာများကို လုပ်ကိုင်ခွင့် ပြုခဲ့သည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
ယခု ဖမ်းဆီးလွှဲပြောင်းမှုများမှာ UWSA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ထိန်းချုပ်ဒေသအားလုံး ကျားဖြန့်ကင်းစင်ရေး စစ်ဆင်ရေး အကောင်အထည်ခေါ်မှုဟု သုံးသပ်မှုများ ရှိနေသည်။
#MeKongNews
#ပန်ဆန်း
#တရုတ်အလိုရှိ
#ကျားဖြန့်ဂိုဏ်းခေါင်းဆောင်
#UWSA








