မဲခေါင်၊ ဧပြီ ၃
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ထိန်းချုပ်သည့်ဒေသတွင် မတ်လ တစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃၈ ဦးကို ဖမ်းဆီးရမိသည်ဟု ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဖမ်းမိသူများသည် မိုင်းဝီး၊ နမ့်ခမ်း နှင့် မိုင်းငေါ့ ၃ မြို့နယ်အတွင်း ဖမ်းဆီးရရှိမှုများ ဖြစ်သည်ဟု TNLA က ဆိုသည်။
၎င်းတို့မှာ မိုင်းဝီးမြို့နယ်မှ ၆ ဦး၊ နမ့်ခမ်းမြို့နယ်မှ ၁၁ ဦး၊ မိုင်းငေါ့မြို့နယ်မှ ၂၁ ဦး ဖြစ်သည်။
TNLA က ဖမ်းဆီးမိသူများအနက် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၃၀ ဦး ပါဝင်သည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။
၎င်းတို့ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း လူငယ်များ၏ အနာဂတ်ကို ကာကွယ် ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်သည်ဟု PSLF/TNLA က ထုတ်ပြန်ချက်တွင် ဆိုသည်။
#MeKongNews
#TNLA
#ထိန်းချုပ်ဒေသ
#မူးယစ်ဆေးဝါး
#ရောင်းဝယ်သုံးစွဲ
#ဖမ်းဆီး








