မဲခေါင်၊ ဧပြီ ၁
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းစာပေဖြင့် ရေးသားထားသည့် ကျေးရွာဆိုင်းဘုတ်များကိုး ကိုးကန့်တပ်ဖွဲ့ – MNDAA က ဆက်လက်ဖျက်ဆီးနေသည်ဟု စုံစမ်းသိရှိရသည်။
မတ် ၂၈ ရက်နှင့် ၂၉ ရက်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသရှိ တအာင်းကျေးရွာများ၏ ရွာအဝင် ဆိုင်းဘုတ်များကို MNDAA တပ်ဖွဲ့ဝင်များက လာရောက် ဖျက်ဆီးကာ ရွာဆိုင်းဘုတ်များကို တရုတ်စာဖြင့်သာ ရေးရန် ဆဲဆို ကြိမ်းမောင်းသွားခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
“မိုင်းယုလမ်းခွဲမှာလည်း တအာင်းစာတွေကို အကုန်ဖျက်ပစ်လိုက်ပြီ။ ဆိုင်းဘုတ်မှာ တအာင်းစာပါလို့လာဖျက်သွားတာ။ ကိုးကန့်တွေ လာဖျက်သွားတာ ဆေးတွေနဲ့ လာသုတ်သွားတာ၊ လမ်းသွားလမ်းလာတွေ တွေ့ပေမယ့် မပြောရဲဘူး။ ဆိုင်းဘုတ်မှာက တအာင်းအလံတောင် မပါဘူး၊ တအာင်းစာပဲပါတာ။ တော်တော်ဆိုးလာတယ် ရေးချင်ရင် တရုတ်စာနဲ့ ပြန်ရေးလို့လည်း ဆဲဆိုသွားသေးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် မတ် ၂၈ ရက်တွင်ပင် ကွတ်ခိုင်မြို့နယ်၊ ဟိုခိုရွာအဝင် ဆိုင်းဘုတ်တွင် ရေးထားသည့် တအာင်းစာများကိုလည်း MNDAA က လာရောက် ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“အခု ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ တွေ့နေရတာက မြို့ပေါ်မှာတင် မဟုတ်ဘဲ ကျေးရွာတွေမှာပါ ကိုးကန့်တပ်တွေက ဒေသခံ တိုင်းရင်းသားတွေကို တရုတ်ဇာတ်၊ တရုတ်ယဉ်ကျေးမှု အတင်းဇာတ်သွင်းနေတဲ့ ခြေလှမ်းတွေလို့ ပြောလို့ရပါတယ်။ အလံတို့ စာပေတို့ဆိုတာက အဖွဲ့အစည်းနဲ့ဆိုင်တာလည်းမဟုတ်ပါဘူး၊ အခုက လူမျိုးတမျိုးရဲ့ အလံ၊ စာပေကို သုံးခွင့်မပြုဘူးဆိုတဲ့ လုပ်ရပ်တွေက လူမျိုးတမျိုးကို ဝါးမြိုဖို့ ကြိုးစားနေတဲ့လုပ်ရပ်လို့ ပြောလို့ရပါတယ်”ဟု ရှမ်းမြောက်အရေး ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့အတူ ကွတ်ခိုင်မြို့နယ်ရှိ အခြား တအာင်းကျေးရွာများကိုလည်း ကိုးကန့်တပ်ဖွဲ့က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာရှိ စာသင်ကျောင်းများတွင် တအာင်းအလံ မထောင်ရန်နှင့် ရွာအဝင် ဆိုင်းဘုတ်များကို တအာင်းအလံပုံစံ ဆေးမခြယ်ရန် ပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်နှင့် ၂၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ကာ မည်သည့် ခွဲခြားမှုကိုမှ ပြုလုပ်မည်မဟုတ်ဘဲ တိုင်းရင်းသားစာပေများကို လွတ်လပ်စွာ သင်ကြားနိုင်သည်ဟု အာမခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် မြေပြင်တွင်မူ ဆက်တိုက်ဆိုသကဲ့သို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု အမှတ် အသားများကိုဆက်လက် ဖျက်ဆီးနေဆဲ ဖြစ်သည်။
ယခင်တွင် ကွတ်ခိုင်မြိုနယ်အတွင်းရှိ ကျေးရွာဆိုင်းဘုတ်များကို သက်ဆိုင်ရာ လူမျိုးစုများက ၎င်းတို့၏ ရှမ်းစာ၊ ကချင်စာ၊ တအာင်းစာ၊ မြန်မာစာများဖြင့် ရေးသားခဲ့ခြင်းများ ရှိခဲ့ပြီး ယခု ကိုးကန့်တရုတ်များက မြန်မာပြည်ရှိ တိုင်းရင်းသားဘာသာ မဟုတ်သည့် တရုတ်စာများ အတင်းအကျပ် သုံးစွဲစေခြင်းမှာ တရုတ်ကိုလိုနီ ပြုခံရခြင်းဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#ကွတ်ခိုင်
#တအာင်းစာ
#ကျေးရွာဆိုင်းဘုတ်
#MNDAA
#ဖျက်ဆီး








