မဲခေါင်၊ မတ် ၁၆
ဓနုလူမျိုးစုတစ်ရပ်လုံး၏ ရည်မှန်းချက် ဖြစ်သော အမျိုးသား တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေးဦးဆောင်မှု ယန္တရားဖြစ်သည့် ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ – DNFC ကို ဖွဲ့စည်းလိုက်သည်။
DNFC ကို ကဏ္ဍစုံ ကိုယ်စားပြုမှုနှင့်အတူ ကောင်စီဝင် ၁၁ ဦးဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု DNFC က ယမန်နေ့ညတွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
DNFC သည် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးကို နည်းလမ်းစုံဖြင့် တော်လှန်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အခြားသော လူမျိုးစုများနှင့် လက်တွဲ၍ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုသည်။
ထို့အပြင် ဒေသတွင်း လူမျိုးစုများ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုသော မူဝါဒများကို ချမှတ် အကောင်အထည်ဖော်မည်ဟုလည်း ကောင်စီဦးတည်ချက်တွင် ဖော်ပြသည်။
DNFC သည် ဓနုလူထုတစ်ရပ်လုံးကို နိုင်ငံရေးအရ ကိုယ်စားပြုသော စုပေါင်းခေါင်းဆောင်မှု ယန္တရားတစ်ခု ဖြစ်သည့်အားလျော်စွာ အကြောင်းအမျိုးမျိုးကြောင့် ယခုအဆင့်တွင် မပါဝင်နိုင်သေးသော ဓနုအင်အားစုများ၊ အဖွဲ့အစည်းများနှင့် ပညာရှင်များ အားလုံးကိုလည်း ဓနုအမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်များ ဖော်ဆောင်ရာတွင် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန် ဖိတ်ခေါ်သည်ဟုဆိုသည်။
ဓနုအမျိုးသား ဖက်ဒရယ်ကောင်စီကို ဓနုတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ပညာရှင်များ၊ CDM များ၊ ၈၈ မျိုးဆက်များ၊ ပြည်တွင်းပြည်ပရှိ ဓနုအင်အားစုများ အားလုံးပါဝင်သည့် အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲမှ တစ်ဆင့် ဖွဲ့စည်းပုံ မူဘောင်များကို ရေးဆွဲကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#ဓနုအမျိုးသား
#ဖက်ဒရယ်ကောင်စီ
#ဖွဲ့စည်း








