တာချီလိတ်၊ မတ် ၃
တာချီလိတ်မြို့တွင် ကျားဖြန့် – အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၄၀၀ နီးပါးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်၊ မယ်ခေါင် (၂) လမ်းရှိ ဟိုတယ်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် “အပြည်ပြည်ဆိုင်ရာဟိုတယ်” အဆောက်အဦ၌ လုပ်ကိုင်နေသည့် ကျားဖြန့် – အွန်လိုင်းလိမ်လည်မှုဂိုဏ်းကို ယနေ့၊ မတ်လ ၃ရက် မွန်းလွဲပိုင်းတွင် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသို့ ဝင်ရောက်စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၉၇ ဦး (အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီး ၈ ဦး)၊ မလေးရှားနိုင်ငံသား ၃၈ ဦး (အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၇ ဦး)၊ ဗီယက်နမ်နိုင်ငံသား ၅၇ ဦး (အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး) ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၃၉၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှုတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ CPU ၇၀ လုံး၊ Starlink (စတားလင့်ခ်) အင်တာနက်စက် ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သိမ်းဆည်းရမိသည့် စက်ပစ္စည်းများကိုလည်း ထပ်မံအသုံးမပြုနိုင်စေရန် စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#MeKongNews
#တာချီလိတ်
#အပြည်ပြည်ဆိုင်ရာဟိုတယ်
#တရုတ်နိုင်ငံသား
#ကျားဖြန့်








