မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
တာချီလိတ်မြို့မှ အသက် ၂၁ အရွယ် မဖြူဖြူအေးသေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဖမ်းဆီးရမိသူမှာ အသက် ၂၅ နှစ်အရွယ် စိုင်းဇော်ပိုင်ဆိုသူဖြစ်ပြီး မဖြူဖြူအေးသေဆုံးမှုတွင် အဓိကပတ်သက်သူ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့်အတူ ပူးပေါင်းကြံစည်သူအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“အခုဖမ်းမိတဲ့ကောင်လေးက အားစန်းကောရဲ့ သူငယ်ချင်း၊ အားစန်းကောက ကောင်မလေးရဲ့ ရည်းစားပေါ့။ ကောင်မလေး ဆေးလွန်တာကို ဆေးရုံမပို့ဘဲ ဆားရည်တိုက် ဘာညာလုပ်တော့ ဆုံးသွားတာ။ အဲဒါကိုကြောက်ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်တာ။ အားစန်းကော အမေလည်းပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းမိသူ စိုင်းဇော်ပိုင်ကို စစ်ဆေးချက်အရ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၄ရက်တွင် KTV ၌ ထပ်မံတွေ့ဆုံပြီး မူးယစ်ဆေးဝါအချို့ သုံးစွဲခဲ့ကြောင်း၊ ယင်းနောက် မဖြူဖြူအေးမှာ ဆေးလွန်သွားသည့်အတွက် တည်းခိုခန်းတွင် ထားရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ကောင်မလေးက ဆေးလွန်တာကို ဆေးရုံမပို့ဘဲ တည်းခိုခန်းမှာထားတာ။ နောက် အခြေအနေမကောင်းဘူး အမြုပ်တွေ ဘာတွေ ထွက်တော့ အိမ်ခေါ်သွားပြီး အရပ်နည်းတွေနဲ့ လုပ်တာပေါ့။ အဲဒီလိုလုပ်တာမှာ အားစန်းကောရော၊ အားစန်းကောအမေရောပါတယ်။ ကောင်မလေးဆုံးသွားတော့ အလောင်းပစ်တာလည်း အားစန်းကောတို့ သားအမိ ၂ယောက်လုံးပဲ” ဟု ၎င်း ကပြောသည်။
ဉာဏ်လင်းထင် (ခ) အားစန်းကောနှင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်းတို့မှာ သေဆုံးသူ၏ အလောင်းကို ဖေဖော်ဝါရီလ ၁၅ရက်တွင် တာချီလိတ်မြို့ရှောင်လမ်းဘေးတွင် သွားရောက်စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် သတင်းများပျံ့နှံလာချိန်တွင် အားစန်းကောနှင့် ၎င်း၏ မိခင်တို့မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ သမီးရည်းစားများဖြစ်ကြပြီး မသေဆုံးမီ ရက်သတ္တပတ်ခန့်မှ သမီးရည်းစားဖြစ်သူများဖြစ်ကြောင်း၊ မဖြူဖြူအေးမှာ Happy Pod ခေါ် မူးယစ်ဆေးဝါတစ်မျိုး သုံးစွဲထားစဉ် ဘိန်းဖြူထပ်မံထိုးသွင်းခဲ့သည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“Happy Pod တွေ လစ်နေချိန်မှာ ဘိန်းဖြူထပ်ထိုးတာလို့ သိရတယ်။ မိဘတွေအနေနဲ့လည်း ဒါကို သတိထားဖို့လိုတယ်။ အခုက တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေက ပေါနေတာ။ ကိုယ့်သားသမီးအခြေအနေ အကဲခတ်ပြီး မူးယစ်ဆေးစွဲနေတယ်ဆိုရင် ထိန်းသိမ်းကြဖို့လိုတယ်” ဟု ၎င်းက သတိပေးသည်။
တာချီလိတ်မြို့တွင် KTV ခန်းများ၏ Happy Water၊ K ခေါ် ခေးနှင့် အခြားမူးယစ်ဆေးဝါးများကို အလွယ်တကူရရှိနေပြီး လူငယ်များအနေဖြင့် Night Life များတွင် ပျော်ပါးရင်း ဆေးလွန်သေဆုံးရသည့် ဖြစ်ရပ်များစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
(မဲခေါင်သတင်းဌာနမှ ရရှိထားသည့် ဓာတ်ပုံအချို့အား Facebook စံနှုန်းများအရ ဖော်ပြခွင့်မရသည့်အတွက် Telegram – https://t.me/mekongnewsmm/42813 တွင် အပြည့်အစုံဖော်ပြထားပါသည်။)
#MeKongNews
#တာချီလိတ်
#မဖြူဖြူအေး
#မူးယစ်ဆေးဝါး
#ဘိန်းဖြူ
#သေဆုံး








