မဲခေါင်၊ ဖေဖော်ဝါရီ ၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရှိ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် တရားသူကြီးက မူးယစ်ဆေးဝါးမှုကဲ့သို့သော အမှုကြီးများကို စစ်ဆေးရာ၌ ဖမ်းဆီးရမိသူများထံမှ လာဘ်ငွေယူကာ အမှုပေါ့ပါးစေရန်အတွက် တရားခံပြေးများအပေါ် အမှုပုံချ စစ်ဆေးနေကြောင်း အမှုရင်ဆိုင်နေရသူများထံမှ သိရသည်။
တာချီလိတ်ခရိုင်နှင့် မြို့နယ်တရားသူကြီးများသည် အမှုစီရင်ရာတွင် ငွေကြေးတတ်နိုင်သူများထံမှ လာဘ်ငွေရယူပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများ သို့မဟုတ် ငွေကြေးမတတ်နိုင်သည့် အမှုတွဲပါသူများအပေါ် အပြစ်ပုံချ စီရင်နေကြကြောင်း တရားရေးအသိုင်းအဝိုင်းမှ သိရသည်။
ထို့ကြောင့် ငွေကြေးမတတ်နိုင်သူများမှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပြီး မတရားနစ်နာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း တရားရေးအသိုင်းအဝိုင်းက ပြောသည်။
“အမျိုးတစ်ယောက်ဆိုရင် တရားသူကြီးကို ပိုက်ဆံမပေးနိုင်တော့ ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခံရတယ်။ တကယ်ခိုင်းတဲ့သူဌေးကတော့ အထက်ရုံးမှာ အယူခံဝင်လိုက်တာ အခုဆို အပြင်တောင် ပြန်ရောက်နေပြီ။ အခု တရားသူကြီးတွေက ငွေတောင်း အရမ်းကြမ်းကြတယ်။ အမှုကြီးတွေဆိုရင် ဘတ်သိန်းဆယ်ချီ ပေးရတယ်လို့ တရားရုံးမှာ တရားခံမိသားစုတွေ ပြောနေကြတာ” ဟု မူးယစ်မှုဖြင့် တရားရင်ဆိုင်ခဲ့သူတစ်ဦးမိသားစုဝင်တစ်ဦးက ပြောသည်။
တာချီလိတ်ခရိုင်အတွင်းရှိ မူးယစ်ဆေးဝါးမှုများတွင်လည်း နိုင်ငံခြားသားများ ပါဝင်နေပါက အမှုအခြေအနေပေါ် မူတည်၍ တရားခံလွတ်မြောက်စေရန်အတွက် ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက ဘတ်သန်းနှင့်ချီကာ လာဘ်ငွေတောင်းခံနေကြောင်း အမှုရင်ဆိုင်နေရသူများ၏ မိသားစုဝင်များထံမှ သိရသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများ လွတ်မြောက်ရန်အတွက် တာချီလိတ်ခရိုင် တရားသူကြီး ထွန်းနိုင်ထွေးနှင့် ဒုခရိုင်တရားသူကြီး ကျော်လွင်ဦးတို့က အနည်းဆုံး ထိုင်းဘတ် ၃ သန်းမှ ၅ သန်းအထိ တောင်းခံနေခြင်းဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ ထိုင်းနိုင်ငံသားများ ပါဝင်သည့် အမှု ၃ မှုကို တရားစွဲဆိုထားရာတွင် ထိုင်းနိုင်ငံသားအချို့ကို မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲတရားစွဲဆိုပေးရန် တစ်ဦးလျှင် ဘတ် ၃ သန်းအထိ ငွေတောင်းခံကာ အမှုကို အချိန်ဆွဲစစ်ဆေးနေခြင်းဖြစ်ကြောင်း တရားရေးလောကနှင့် နီးစပ်သူများထံမှ သိရသည်။
အလားတူ မြို့နယ်တရားရုံးတွင်လည်း မြို့နယ်တရားသူကြီး နန်းဝေဝေအောင်က အမှုအကြီးအသေးအလိုက် ဘတ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံနေပြီး၊ ငွေကြေးမတတ်နိုင်သည့် တရားရင်ဆိုင်သူများကိုမူ အမှုမစစ်ဘဲ ရမန်ချိန်း (ချုပ်ရက်ရမန်) ကာ အချိန်ဆွဲထားပြီး ငွေရှာခိုင်းနေကြောင်း ဒေသခံများက ဆိုသည်။
“တရားသူကြီးနဲ့ စာရေးတွေပေါင်းပြီး အမှုသည်တွေဆီကနေ ပိုက်ဆံအကြမ်းတောင်းနေတာပါ။ ပိုက်ဆံမပေးရင် အဖက်လုပ်ပီးစကားလဲမပြောသလို တစ်နေကုန် ထိုင်စောင့်ခိုင်းပြီးရုံးပိတ်ခါနီးအချိန်မှ အမှုစစ်ပါတယ်။ စာရေးတွေ ဘယ်လောက်ဆိုးသလဲဆိုရင် အမှုသေးတွေ၊ သာမန်ရန်ဖြစ်စကားများအမှုကိုတောင် တရားသူကြီးဆီ၀င်ဖို့ ဟိုဘက်၊ ဒီဘက် ဘတ်၅၀၀၀ တောင်းပါတယ်” ဟု ၎င်းကပြောသည်။
တာချီလိတ််မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ၃၀ နီးပါးက ယင်းကဲ့သို့ ကြုံတွေ့နေရကြောင်း မဲခေါင်သို့ ပြောသည်။
“ငွေပေးရင် တဖက်က ဘာအမှုနဲ့၊ ဘာပုဒ်မနဲ့စွဲထားလဲဆိုတဲ့ တိုင်ကြားစာတွေကစ ပြန်ပို့တယ်။ တချို့အမှုတွေဆိုရင် ပိုက်ဆံပေးထားလည်း ထောင်ချတာပဲ။ အဲဒီလောက်အထိကို ကြုံနေရတယ်” ဟု အမှုသည်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့အပြင် မြို့နယ်တရားရုံးမှ စာရေးမဖြစ်သူ နန်းဝါရိန်နှင့် ရုံးအကူ ရဲနိုင်လင်းတို့သည် အမှုမိတ္တူကူးသည့် ကိစ္စများတွင်ပင် ဘတ် ၂ ထောင်မှ ၃ ထောင်အထိ တောင်းခံနေသည့်အပြင်၊ တရားသူကြီးများထံ လာဘ်ပေးနိုင်ရန်အတွက်လည်း ၎င်းတို့ကပင် ကြားခံစည်းရုံးပေးနေခြင်းဖြစ်ကြောင်း တရားရုံးသို့ သွားလာနေရသည့် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောကြားထားသည်။
#MeKongNews
#ခရိုင်တရားရုံး
#တာချီလိတ်
#မူးယစ်ဆေးဝါး
#ရှမ်းအရှေ့
#ထွန်းနိုင်ထွေး
#ကျော်လွင်ဦး
#နန်းဝါရိန်
#ရဲနိုင်လင်း
#နန်းဝေဝေအောင်








