မဲခေါင်၊ ဖေဖော်ဝါရီ ၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်တွင် စစ်မှုထမ်း တိမ်းရှောင်လာသည့် ပအိုဝ်းလူငယ်တစ်ဦး တိုက်ပေါ် မှပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
၎င်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၊ နေ့လယ် ၂ နာရီတွင် ၂ ထပ်တိုက်အိမ်ကို ဆေးသုတ်နေရင်း ပြုတ်ကျကာ သေဆုံးခဲ့ရကြောင်း သိရသည်။
“သူတို့ရွာက စစ်မှုထမ်းခေါ်ပြီး သူက ထွက်ပြေးလာတာ။ ဒီဘက်ရောက်တော့ ဝမ်းရေးအတွက် ကြုံရာ အလုပ်လုပ်ရင်း ခုလိုကြုံရတာ။ သူတိုက်ပေါ်ပြုတ်ကျပြီး သူ့မိတ်ဆွေတွေက ဆေးရုံပို့ပေးသေးတယ်။ ဆေးရုံရောက်ပြီး မကြာဘူး ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးသွားတယ်”ဟု နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံးသူသည် တောင်ကြီးမြို့နယ်၊ အွံအားရွာနေ ခွန်ဖိုးစိန်ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၂၈ နှစ်သာရှိသေးကြောင်း ၎င်းက ပြောသည်။
သေဆုံးသူ ခွန်ဖိုးစိန်ကို ဗန်တွေကျောင်းတွင် ထားရှိပြီး ၎င်း၏ ဈာပနအား မနက်ဖြန်တွင် ပြုလုပ် သဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်တွင်လည်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသည့် ဟိုပုံးမြို့နယ်၊ ညောင်ဗက်ရွာနေ ခွန်တူးသည် တိုက်ခန်းအတွင်း မီးပျက်သည်ကို ပြုပြင်ရာမှ ဓာတ်လိုက် သေဆုံးခဲ့သေးကြောင်း ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။
#MeKongnews
#ထိုင်းနိုင်ငံ
#စစ်မှုထမ်း
#တိမ်းရှောင်
#ပအိုဝ်းလူငယ်
#ပြုတ်ကျသေဆုံး








