မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းမြောက်နှင့် ဒေသအချို့မှ ခရီးသွားသူများအနေဖြင့် ခရီးသွားထောက်ခံစာ ပြသနိုင်မှသာ ယာဉ်စီးလက်မှတ် ရောင်းချပေးမည်ဖြစ်ပြီး ထောက်ခံစာမပါဘဲ စီးနင်းလာပါက လမ်းခရီးစစ်ဆေးရေးဂိတ်များတွင် ဆင်းကျန်ရစ်ခဲ့ရမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းအချို့က ကြေညာအသိပေးလျက်ရှိသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်အချို့အပါအဝင် ဒေသအချို့မှ ခရီးသွားများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ခရီးသွားသည့်အခါ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မူရင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့မှ ခရီးသွားထောက်ခံစာများကို အပြည့်အစုံ ယူဆောင်သွားရန် လိုအပ်ကြောင်း ယာဉ်လိုင်းအချို့ထံမှ သိရသည်။
ခရီးသွားထောက်ခံစာ မဖြစ်မနေ လိုအပ်သည့် မှတ်ပုံတင်များမှာ ရှမ်းပြည်မြောက်ပိုင်းမှ (၁၃/) ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုးနှင့် ကုန်းကြမ်း၊ ရခိုင်ပြည်နယ်မှ (၁၁/) မြို့နယ်အားလုံး၊ မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်၊ မကွေးတိုင်းမှ (၈/) မကွေးမြို့နယ်နှင့်စစ်ကိုင်းတိုင်းမှ (၅/) မုံရွာ၊ မြောင်နှင့် ရွှေဘိုမြို့နယ်တို့ ဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။
“အချို့ဂိတ်တွေမှာ ထောက်ခံစာ မပြည့်စုံရင် ငွေပေးပြီး ဖြတ်လို့ရပေမဲ့ ရစ်ပတ်စစ်ဆေးနေတာနဲ့တင် အချိန်ကြာပါတယ်။ ထောက်ခံစာမပါရင် လက်မှတ်မဖြတ်ပေးဖို့နဲ့ လမ်းမှာစစ်လို့ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း ယာဉ်လိုင်းအနေနဲ့ တာဝန်ယူဖြေရှင်းပေးလို့ မရဘူးဆိုတာကို ခရီးသွားတွေကို သိစေချင်ပါတယ်” ဟု ယာဉ်လိုင်းတစ်ခုက မဲခေါင်သို့ ပြောသည်။
ယခုကဲ့သို့ ကန့်သတ်ထားသည့် မြို့နယ်များသည် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများဖြစ်သော်လည်း ယင်းသို့ ကန့်သတ်မှုမှာ တရားမဝင် ငွေကြေးရယူရန် အခွင့်အလမ်းဖြစ်နေကြောင်း ဒေသခံများက ဝေဖန်နေကြသည်။
“ထောက်ခံစာရဖို့ ရဲစခန်းပေးရ၊ ရပ်ကွက်ပေးရနဲ့။ ပြီးတော့ ထောက်ခံစာမှာ လက်မှတ်ထိုးပေးသူရဲ့ အမည်၊ ရာထူး၊ ကိုယ်ပိုင်အမှတ်တွေ မပါလို့ဆိုပြီး ဂိတ်တွေမှာ ရစ်တောင်း တောင်းနေကြတာနဲ့တင် ခရီးသွားရမှာတောင် ကြောက်လာပြီ” ဟု ကျောက်မဲမြို့၊ ရပ်ကွက် (၃) နေသူတစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင်လည်း ခရီးသွားထောက်ခံစာရရှိရန် အနည်းဆုံး ကျပ် ၅,၀၀၀ အထိ ပေးဆောင်နေရကြောင်း သိရသည်။
အထက်ပါ မြို့နယ်များအပြင် ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မိုင်းလားနှင့် “ဝ” ဒေသတို့မှ ပြည်သူများကိုလည်း စစ်ဆေးရေးဂိတ်များတွင် ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်မှု အမျိုးမျိုး ရှိနေကြောင်း သတင်းများအရ သိရှိရသည်။
#MeKongNews
#ခရီးသွားထောက်ခံစာ
#ရှမ်းမြောက်
#မှတ်ပုံတင်
#ရခိုင်ပြည်နယ်








