မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ တီကျစ်မြို့နယ်ရှိ PNO က ဒေသတွင်းရှိ လူငယ်များကို ဖမ်းဆီးရိုက်နှက်၍ စစ်မှုထမ်းရန် အဓမ္မ ထည့်သွင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးခံ လူငယ်များကို မိဘဆွေမျိုးက ငွေဖြင့် အချိန်မီ လိုက်မထုတ်နိုင်ပါက PNA ထဲဝင်ခိုင်းပြီး ရှေ့တန်းသို့ အသေခံ စေလွှတ်နေကြောင်း ဒေသခံများက ပြောသည်။
“လုပ်ငန်း အသွားအပြန် လူငယ်တွေကို ဖမ်းတာ၊ ဟိုရက်ကဆို တစ်ရက်တည်း ၁၂ ယောက် ၁၈ ယောက် ရှိတယ်။ ပြီးတော့ ကလန်ကဆန် လုပ်လို့ဆိုပြီး အချုပ်ခန်းမှာ အမိုးတုတ်ဆွဲပြီး ရိုက်တာ အညိုအမဲစွဲတဲ့ အထိပဲ။ ငွေကို သိန်းဆယ်ချီနဲ့ ရွေးရတာ”ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းသို့ လွှတ်ပေးရန်ကျပ် သိန်း ၃၀ မှ ၁၀၀ အတွင်း ရွေးယူရပြီး လာမရွေးသူများကို စစ်ကောင်စီတပ်နှင့် PNA ထဲသို့ ထည့်သွင်းခံကြရကြောင်း သိရသည်။
“ကျန်းမာရေး မကောင်းသူတွေပါ အိမ်ထဲအထိ ဝင်ဖမ်းတာ။ ပြောပြ တောင်းပန်လည်း မရဘူး။ ပအိုဝ်း တပ်ထဲပါသွားသူတွေလည်း ရှေ့တန်းကို အသေခံ တန်းလွှတ်တာ၊ မိဘဆွေမျိုးတွေလည်း ငွေမတတ်နိုင်လို့ မရွေးနိုင်တာအပြင်၊ စားရတာ အနိုင်နိုင်ဖြစ်နေတဲ့ထဲက ဝတ်စုံကအစ ဝယ်ပေးရတာ။ သေနတ်ဝယ်နိုင်ရင်တော့ နောက်တန်းမှာ နေရသေးတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
တီကျစ်မြို့နယ်ထဲရှိ ကျေးရွာများဖြစ်သည့် သံတဲ၊ လှည်းကုန်း၊ ကြက်သွန်ကုန်း အစရှိသည့်ကျေးရွာများမှ လူငယ်အများအပြား ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#တီကျစ်
#လူငယ်များ
#PNO
#ဖမ်းဆီးရိုက်နှက်
#စစ်မှုထမ်း








