မဲခေါင်၊ ဇန်နဝါရီ ၂၃
ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို PNO က ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ နောင်ကျောအုပ်စု၊ ရေဖြူကျေးရွာရှိ ယင်းဘုရားကျောင်းမှာ မကြာမီကမှ အသစ်ဆောက်လုပ် ပြီးစီးခဲ့ခြင်းဖြစ်ပြီး မကြာသေးက စစ်ကြောင်းထိုးလာသည့် PNO စစ်ကြောင်းက ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ချာ့ချ်သာမကဘူး စာသင်ကျောင်းတွေပါ ဖျက်သွားတာ၊ လူတွေလည်း မနေရဲအောင် မောင်းထုတ်တယ်။ သူတို့ပဲ နေရပ်ပြန်နေလို့ ရပြီဆိုလို့ ပြန်လာကြတာကို မောင်းထုတ်တာ။ ရည်ရွယ်ချက်ရှိရှိ လူထုတွေကို တမင် နှိပ်စက်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေဖြူရွာသာမက ရွာချင်းဆက်သည့် ကယန်းလေးရွာ ၂ ရွာကိုလည်း အလားတူ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“လူနေအိမ်တွေဆိုလည်း အကုန်နီးပါးကို ဖျက်ဆီးသွားတာ။ လူတွေကတော့ တောတောင်တွေထဲ ထွက်ပြေးနေကြရလို့ အစားအသောက်က အစ၊ နေရေးထိုင်ရေး အပြင် ကျန်းမာရေး လိုအပ်ချက်တွေပါ များပြားနေတယ်။ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေအတွက် ပိုလိုအပ်နေတယ်’ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။
PNO က ရွာများကို ဖျက်ဆီးသဖြင့် တိမ်းရှောင်ရသူ ၂၀၀ ကျော်မှာ အနီးရှိ တောတောင်များအတွင်း ခက်ခဲစွာ နေထိုင်နေကြရသည်ဟု ၎င်းက ပြောသည်။
ယမန်နှစ်အတွင်း နေအိမ်ပြန်လာကြည့်သည့် ရေဖြူကျေးရွာခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PNO က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဆီဆိုင်
#ဘုရားကျောင်း
#စာသင်ကျောင်း
#PNO
#ဖျက်ဆီး








