မဲခေါင်၊ ဇန်နဝါရီ ၂၂ရက်
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်လုတ်ကျေးရွာ အနီးတွင် ပြောင်းကြိတ်စက်တစ်စီး ပြောင်းကြိတ်ရင်း အပူလွန်ပြီး မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းမှာ ယမန်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ပြောင်းကြိတ်စက်အပြင်၊ ကြိတ်ပြီးသော ပြောင်းအိတ် ၁၀ အိတ် ကျော်လည်း မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စက်က တစ်နေကုန် မရပ်နားဘဲ ဆက်တိုက် ကြိတ်နေတော့ ပြောင်းစက်ထဲမှာ ပွတ်ပါများလို့ပူပြီး မီးတောက်သွားတာ။ လူတော့ ထိခိုက်မှုမရှိဘူး ပြောင်းကြိတ်စက်နဲ့ ပြောင်း ၁၀ အိတ်ကျော် မီးလောင်သွားတယ်”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ပြောင်းကြိတ်စက် မောင်းသူများအနေဖြင့် ယခုလို ဖြစ်စဉ်များနှင့် ကြုံတွေ့နိုင်သောကြောင့် မီးသတ်ဆေးဘူးများ ဆောင်ထားသင့်ကြောင့်လည်း ၎င်းက ဆိုသည်။
“နေ့ဖက်ဆို အရမ်းပူတဲ့ရာသီဖြစ်တယ်။ ပြောင်းကြိတ်စက်တွေ မောင်းတဲ့ ကားသမားတိုင်း မီးသတ်ဆေးဘူး ဆောင်ထားသင့်တယ်။ မီးသတ်ဆေးဘူးက စျေးမများပါဘူး၊ ကားတစ်စီးရဖို့က မလွယ်ဘူး။ ထပ်တူ ဝမ်းနည်းရပါတယ် “ဟု ၎င်းက ဆက်ပြောသည် ။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် တွင်လည်း တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာ အနီးတွင် တောမီးမှတစ်ဆင့် မီးလောင်မှုကြောင့် ဒေသခံများ စိုက်ပျိုးထားသော ပြောင်းနှင့် ပဲစင်းငုံ ဧက ၅၀ ကျော် ပျက်စီးသွားသေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဟိုပုံး
#ပြောင်းကြိတ်စက်
#အပူလွန်
#မီးလောင်








