မဲခေါင်၊ ဇန်နဝါရီ ၂၁
၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၅၅ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ ပေးလိုက်သည်ဟု တအာင်းတပ်ဖွဲ့ – PSLF/TNLA က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
ယခုအကြိမ် လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်လျော့ပေါ့ခွင့် ပေးသည့်သူများသည် တအာင်းဒေသအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်မှုကျူးလွန်၍ အကျဥ်းကျနေသူများ ဖြစ်ကြပြီး PSLF/TNLA မှ ဖမ်းဆီး ထိန်းသိမ်းထားကြသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယခု လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သူများသည် အကျဉ်းထောင်မှ လွတ်ရန် လပိုင်းသာလိုတော့သည့် သူများကို ပေးခြင်းဖြစ်ပြီး ပြစ်ဒဏ်လျော့ပေါ့ခွင့် ရရှိ့်သူများမှာမူ အကျဉ်းထောင် အသီးသီးတွင် နှစ်ရှည် ထောင်ကျနေရသူများ ဖြစ်သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ပြောသည်။
တအာင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြင့် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက လက်မှတ်ထိုးကာ အကျဉ်းသားများကို ဒုတိအကြိမ် ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်တွင်လည်း တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ဦး၊ RCSS တပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် စုစုပေါင်းစစ်သုံ့ပန်း ၁၁၁ ဦးကို TNLA က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သေးသည်။
#MeKongNews
#TNLA
#အကျဉ်သား
#လွတ်ငြိမ်းချမ်းသာ
#ပြစ်ဒဏ်လျှော့ပေါ့








