မဲခေါင်၊ ဇန်နဝါရီ ၁၉
ယာဉ်များ မကြာခဏ တိမ်းမှောက်သဖြင့် သေမင်းတမန်လမ်းဟု ကားသမားများ ကင်ပွန်းတပ်ထားသည့် တောင် ကြီး မြို့ရှောင်လမ်းအား စစ်ကောင်စီ၏ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က သွားရောက် စစ်ဆေးသော်လည်း လမ်းပြင်ရန် အစီအစဉ်မရှိဘဲ လမ်းဘေးရှိ အဆောက်အဦများကို အရေးယူရန်သာ ညွှန်ကြားခဲ့ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။
တောင်ကြီးမြို့ရှောင်လမ်းသည် အရည်အသွေးမပြည့်မှီပဲ ဆိုးရွားစွာပျက်စီးနေသည်ကို ကားသမားများ ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသဖြင့် ဝန်ကြီးချုပ်ဦးအောင်အောင်က ဇန်နဝါရီ ၁၄ ရက်တွင် ဟန်ပြ သွားရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ပြောလွန်းလို့ သွားစစ်ဆေးတာ လမ်းပြင်မယ် ထင်နေတာ လမ်းပြင်မယ့်အကြောင်း တစ်ခွန်းမှ မပြောသွားဘဲ လမ်း ဘေးမှာရှိတဲ့ အိမ်တွေ အဆောက်အဦးတွေကို အရေးယူခိုင်းနေတယ်။ ဝန်ကြီးချုပ် သက်တမ်းကုန်ခါနီး လုပ်စား ကွက် ထပ်ရှာနေသလိုပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီခန့် ရှမ်းပြည်ဝန်ကြီးချုပ်ဦးအောင်အောင် ဦးဆောင်သည့်အဖွဲ့သည် တောင်ကြီးမြို့ရှောင်လမ်း ၄ မိုင်ဂိတ်မှ ရွှေညောင်အထိ ၁၄ မိုင်ကျော်ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုကာ ဟန်ပြစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“သူ့လူနဲ့သူ ဟန်ပြလုပ်တာလေ။ အဲနေ့က ဝန်ကြီးချုပ် လမ်းစစ်ဆေးဖို့ ရှိတယ်ဆိုပြီး လမ်းဘေးမှာ မှောက်နေတဲ့ ကားတွေကိုတောင် ဝန်ကြီးချုပ်မလာခင် တရက်အလိုမှာ အပြီးရှင်းခိုင်းတယ်။ ရောက်လာတော့လည်း ပျက်နေတဲ့ လမ်းကို ပြင်ဖို့ကျမပြောဘဲ လမ်းနဲ့မလွတ်တဲ့ အိမ်တွေ အဆောက်အဦးတွေ၊ မြေတွေကို အရေးယူရမယ်ဆိုပြီး ပြော နေတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
ယင်းလမ်းသည် အတက်အဆင်း မတ်စောက်ကာ လမ်းအရည်အသွေးလည်း ညံ့ဖျင်းသဖြင့် ကုန်တင်ယာဉ်များ မကြာခဏ တိမ်းမှောက်လျက်ရှိသဖြင့် သေမင်းတမန်လမ်းဟု ကားသမားလောကတွင် ကင်ပွန်းတပ်ထားကြသည်။
#MeKongNews
#တောင်ကြီး
#မြို့ရှောင်လမ်း
#ရှမ်းပြည်ဝန်ကြီးချုပ်
#စစ်ဆေး
#အဆောက်အဦး








