မဲခေါင်၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့သို့ မင်္ဂလာဆောင်ဖျော်ဖြေရန် အကြောင်းပြ၍ လိမ်လည်ဖိတ်ခေါ်ခံရပြီးနောက် ဖမ်းဆီးရိုက်နှက်ချုပ်နှောင်ခံခဲ့ရကာ ကျပ်ငွေသိန်း ၃၀၀၀ ကျော်ဖြင့် ပြန်ပေးငွေပေး၍ လွတ်မြောက်ခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကို ကာယကံရှင် အဆိုတော် ရှင်မင်းမြတ်ကိုယ်တိုင် ရဲစခန်းသို့ တိုင်ကြားထားသည့်စာကို လူမှုကွန်ရက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေဖြစ်သူသည် မူဆယ်ရှိ မင်္ဂလာဆောင်တစ်ခုသို့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၄ ရက်က လေယာဉ်ဖြင့် သွားခဲ့ကြောင်း၊ ဇန်နဝါရီလ ၅ ရက်တွင် ပွဲပြုလုပ်မည့်နေရာကို သွားရောက်ကြည့်ရှုရာမှ လူ ၄ ဦးက ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ကာ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုသို့ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရှင်မင်းမြတ်က ဖော်ပြထားသည်။
ယင်းနေရာတွင် ၎င်းတို့ကို လောက်ကိုင်အမှုဟောင်းတစ်ခုနှင့် အကြောင်းပြကာ ကျပ်သိန်း ၇၀၀၀ တောင်းခံ၍ ရိုက်နှက်နှိပ်စက်ခဲ့ပြီး၊ ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင်မှ မူဆယ်မြို့ လမ်းကြားတစ်ခု၌ ကားပေါ်မှ ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုတော် ရှင်မင်းမြတ်က ၎င်း၏ မိတ်ဆွေများထံ အကူအညီတောင်းခံခဲ့သဖြင့် ကျပ်ငွေ သိန်း ၃၀၀၀ ကျော်ကို ငွေလွှဲပေးခဲ့ရကြောင်း၊ ယင်းနောက် ငွေထပ်မံရနိုင်တော့မည်မဟုတ်ဟု ယူဆကာ ပြန်ပေးသမားများက ၎င်းတို့ကို လမ်းပေါ်တွင် ပစ်ချထားခဲ့ပြီး မှတ်ပုံတင်နှင့် ငွေကျပ် ၁၀ သိန်းသာ ပြန်ပေးကာ ပတ်စ်ပို့နှင့် အသုံးအဆောင်ပစ္စည်းများကိုမူ ပြန်ပေးသမားများက ယူဆောင်သွားခဲ့ကြောင်း ရှင်မင်းမြတ်၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ၎င်းတို့ကို မလွှတ်ပေးမီ အဝတ်အစားများ ချွတ်ခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး ယခုကိစ္စကို ရဲတိုင်ပါက လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်စပ်မြို့ဖြစ်သော်လည်း ကျားဖြန့်လုပ်ငန်းများနှင့် ပြည်သူ့စစ်များ အခြေစိုက်ကာ ဒုစရိုက်မှုများ များပြားနေသည့် မြို့ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ယခုဖြစ်ရပ်သည် အဝေးမှ လူများကို အယုံသွင်း လိမ်လည်ခေါ်ယူကာ ပြန်ပေးဆွဲခြင်းဖြစ်သဖြင့် ခရီးသွားလာသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အဆိုတော် ရှင်မင်းမြတ်ထံ မဲခေါင်သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
Photo – Shin Min Myat’s FB
#MeKongNews
#မူဆယ်
#ကျားဖြန့်
#ပြန်ပေးဆွဲ
#ရှင်မင်းမြတ်







