မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် – PNO က လက်နက်ဆင်ပေးပြီး ရှေ့တန်း ပို့နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလ ဇန်နဝါရီ ပထမပတ်တွင် ယင်းသို့ အပို့ခံရခြင်းဖြစ်ပြီး PNO၊ စစ်ကောင်စီ စစ်ကြောင်းနှင့်အတူ တိုက်ပွဲ ဖြစ်ပွားရာ ပင် လောင်း – ဖယ်ခုံ နယ်စပ် တောင်မဲသင်း၊ တောင်စလုံး၊ ဘောရန်ကျေးရွာတို့သို့ လိုက်ရကြောင်း ဒေ သခံများက ပြောသည်။
“ရွာသားတွေကို စစ်ဝတ်စုံ၊ လက်နက်တွေတပ်ဆင်ပြီး ဒီတိုင်းပဲ သွားခိုင်းတာ၊ စစ်သင်တန်းလည်း မတက်ရဘူး၊ သေနတ်တွေတောင် ကောင်းကောင်း မပစ်နိုင်ကြဘူး။ ရွာသားတွေကတော့ ရှေ့တန်းတက်ရတဲ့ လူတွေအတွက် စိုးရိမ် နေကြရတယ်။ အပြစ်မရှိတဲ့ ပြည်သူတွေကို ဒီလို စစ်ပွဲဖြစ်တဲ့ နေရာတော့ မခေါ်သွားသင့်ဘူး။ အာဏာရှင် လူတစ်စုရဲ့အကျိုးစီးပွားကြောင့် ပြည်သူ အသက်တစ်ချောင်းက ကြက်ငှက်လောက်တောင် သူတို့က တန်ဖိုးမထားဘူး။ “ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယခု ပထမတစ်သုတ်တွင် အသက်၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အမျိုးသားများက မဲနှိုက်ပြီး မဲပေါက်သူ ရွာသား ၁၅ ဦးသွားရကြောင်း ၎င်းက ဆက်ပြောသည်။
ရှေ့တန်း အပို့ခံရသော သူများနှင့် အဆက်အသွယ်လည်း မရသောကြောင့် ၎င်းတို့ လုံခြုံရေးအတွက်လည်း အထူး စိုးရိမ်နေရကြောင်း ရွာခံများက ပြောသည်။
ထို့ပြင် လွယ်ကျိုင်း၊ နမ်းဖာမူ၊ လင်ခံ၊ ဟိုဖယ်ကျေးရွာ ၄ ရွာ ပေါင်းကာ ကားဝယ်ရန် ဆိုပြီး ကျပ်သိန်းတစ်ထောင် ကိုလည်း PNO က ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကောက်ခံခဲ့သေးကြောင်း ၎င်းတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် PNO တို့သည် ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောတွင် စစ်ကြောင်း ထိုးလာခြင်းကြောင့် တိုက်ပွဲ ၃ လအကြာ ဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၆ ထောင် ဝန်းကျင်လည်း နီးစပ်ရာ တောတောင်နှင့် ကျေးရွာများထံ စစ်ဘေးရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#လွယ်ကျိုင်း
#ဒေသခံ
#လက်နက်ပေး
#ရှေ့တန်းပို့








