မဲခေါင်၊ ဇန်နဝါရီ ၉
ဒီဇင်ဘာ ၂၉ ရက်ကို တအာင်း လူငယ်နေ့အဖြစ် သတ်မှတ်ကြောင်း တအာင်း လူငယ်ဖိုရမ်က ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၂၈ ရက်နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် တအာင်း လူငယ်ဖိုရမ်တွင် တအာင်း လူငယ်နေ့ကို တက်ရောက် လာသူများက စုံညီစွာ သဘောတူ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှမ်းမြောက်၊ နမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည့် ဖိုရမ်တွင် မြို့နယ် ၁၂ ခုမှ လူငယ်များ၊ တအာင်း အမျိုးသားပါတီ၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ စသည့် အဖွဲ့ ၁၃ ဖွဲ့ နှင့် ဖိတ်ကြားထားသူများ အကြံပေးများ အပါအဝင် ကိုယ်စားလှယ် ၂၁၀ ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။
“ဒီဇင်ဘာ ၂၉ ရက်နေ့ တအာင်း လူငယ်ဖိုရမ် ပြုလုပ်ခဲ့သည့်ရက်ကို တအာင်းလူငယ်နေ့ အဖြစ် စုံညီစွာ သဘောတူ သတ်မှတ်ခဲ့ကြပါသည်” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က ပြောသည်။
ထို့ပြင် တအာင်း လူငယ်များ အနေဖြင့် စစ်ကောင်စီက ကျင်းပသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို လက်ခံမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ကျဆုံးရေးကို အခြား တော်လှန်ရေး အင်အားစု မိတ်ဖက်များနှင့် အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#ဒီဇင်ဘာ
#တအာင်းလူငယ်များနေ့
#သတ်မှတ်
#လူငယ်ဖိုရမ်








