မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် SSPP တပ်သား အချင်းချင်း ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီခွဲတွင် မိုင်းယုလေး ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာ၌ ခွင့်ယူထားသည့် SSPP တပ်သားဖြစ်သူ အိုက်ယီထော်ဆိုသူကို ရွာသူကြီးနှင့် တပ်ဖွဲ့က လာရောက် ခေါ်ဆောင်ချိန်တွင် အချင်းချင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူက ခွင့်ကပြန်လာတယ်လို့ သိရတယ်။ ရှမ်းတပ်က လာခေါ်ချိန် အရက်မူးနေတာ သေနတ်လုပြီး ပစ်တာမှာ တပ်ဖွဲ့က ပစ်သတ်လိုက်တယ် သိရတယ်”ဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
ယင်းဖြစ်ရပ်ကြောင့် ခွင့်ပြန်တပ်သား ၄၅ နှစ်အရွယ်အိုက်ယီထော် သေဆုံးပြီး အခြား တပ်သား လောင်ဝူးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူကို ကွတ်ခိုင်ဆေးရုံ၌ ကုသနေပြီး သေဆုံးသူကို ယမန်နေ့ နေ့လယ်တွင် သင်္ဂြိုဟ်ကြောင်း သိရသည်။
ကွတ်ခိုင်သည် TNLA ထိန်းချုပ်နယ်မြေ ဖြစ်သော်လည်း ယင်းဖြစ်စဉ်အား သတင်း မထုတ်ပြန်သေးသလို SSPP ကလည်း မထုတ်ပြန်သေးပေ။
#MeKongNews
#ကွတ်ခိုင်
#SSPP
#ပစ်ခတ်
#သေဆုံး








