မဲခေါင်၊ ဒီဇင်ဘာ ၂၃
ဒီဇင်ဘာ ၂၁ ရက်က NUG ၏ အကြမ်းသမားစာရင်း ကြေညာမှုတွင် သေဆုံးသွားပြီဖြစ်သည့် စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ရှမ်းပြည်မှ ဦးစိုင်းလုံးဆိုင်လည်း ပါဝင်ခဲ့ကြောင်း တွေ့ရသည်။
စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များ နှင့်အတူ အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် ကြေညာရာတွင် ဦ စိုင်းလုံးဆိုင်လည်း ပါဝင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးသွားမည် ဖြစ်ကြောင်းလည်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးဟောင်းလည်း ဖြစ်သည့် ဦးစိုင်းလုံဆိုင်သည် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်နှင့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ ဗဟိုအကြံပေး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် ယခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျန်းမာရေး အကြောင်းပြချက်ဖြင့် စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။
“သူက ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌလည်း လုပ်သေးတယ်ဗျ ဦးသိန်းစိန်နဲ့ NLD လက်ထက်မှာလည်း ၂ ကြိမ်ဆက် ရွေးကောက်ပွဲ နိုင်သေးတယ်။ ပြည်နယ်လွှတ်တော် ဥက္ကဌလည်း လုပ်သေးတယ်ဗျ။ နောက်အာဏာသိမ်းတော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအဖွဲ့မှာ တာဝန် ထမ်းဆောင်တယ်။ စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ သူလည်း တာဝန်အရှိဆုံး လူတစ်ယောက် ဖြစ်တယ်။ အခု NUG ရဲ့ ကြေညာချက်က စစ်ရာဇဝတ်မှုမှာ ကင်းလွတ်ခွင့် မရှိဘူးဆိုတာ ပေါ်သွားတာပေါ့။ လုပ်ချင်တာလုပ်ပြီး နုတ်ထွက်ရုံနဲ့ သေသွားရုံနဲ့ အပြစ်က ပျောက်သွားတာ မဟုတ်ဘူးလေ”ဟု ရှမ်းပြည်လွှတ်တော် အမတ်ဟောင်းတစ်ဦးက ပြောသည်။
၎င်းသေဆုံးသွားပြီ ဖြစ်သော်လည်း ပြည်သူများအပေါ် စစ်ကောင်စီက အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်း ယင်းပြစ်မှုများသည် သေဆုံးသည်နှင့် ပျောက်ဆုံးသွားပြီ၊ ပြီးဆုံးသွားပြီဟု ယူဆ၍ မရကြောင်း သတင်းရင်းမြစ် အမတ်ဟောင်းက ဆက်လက်ပြောသည်။
၎င်းသည် စစ်ကောင်စီ အကြံပေးအဖွဲ့မှ ထုတ်ပယ်ခံရပြီးနောက် ၂ လခန့်အကြာ ယခုနှစ် မတ် ၁၉ ရက်တွင် ကျိုင်းတုံမြို့ရှိ ၎င်းနေအိမ်၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#NUG
#အကြမ်းဖက်သမား
#စစ်ကောင်စီ
#ဦးစိုင်းလုံးဆိုင်








