မဲခေါင်၊ ဒီဇင်ဘာ ၁၅
ရှမ်းတောင်၊ ကလောမြို့ပေါ်တွင် ပြုလုပ်သည့် PNO ပါတီ၏ မဲဆွယ် စည်းရုံးရေးပွဲတွင် တက်ရောက်သည့် ပြည်သူ ၃၀ ခန့် သာရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ကလောမြို့ အမှတ် (၈) ရပ်ကွက်၌ PNO က မဲဆွယ် စည်းရုံးရေးပြုလုပ်ရာ အမျိုး သား ၂၇ ဦး၊ အမျိုးသမီး ၆ ဦးခန့်သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
“အဲဒီ သွားနားထောင်တဲ့ လူတွေကလည်း မကင်းရာ မကင်းကြောင်း PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဆွေမျိုးတွေပဲဗျ၊ လူငယ်တွေလည်း မပါဘူး။ လူကြီးနဲ့ လူလတ်ပိုင်းတွေပဲ၊ မြို့ပေါ်မှာနေတဲ့သူတွေက PNO ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ မြို့ပေါ်က ရွာတွေဘက်ကလို အမိန့်ပေးပြီး ကန်တော့ပွဲတွေ အိုးစည်တွေနဲ့ ကြိုခိုင်းလို့ မရတော့ လူလည်း မရှိဘူးပေါ့”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
PNO သည် ပအိုဝ်းဒေသ ကျေးရွာများတွင် မဲဆွယ်သည့်အခါ တစ်အိမ် တစ်ယောက် မသွားမနေရ အမိန့်ဖြင့် ပြုလုပ်ခြင်းကြောင့် ပြည်သူများမှာ ၎င်းတို့အား သွားကြိုရ ဟောပြောသည်ကို နားထောင်ရသဖြင့် တက်ရောက်သူ များလေ့ရှိသော်လည်း မြို့ပေါ်များတွင်မူ အမိန့်ပေး၍ မရသဖြင့် လူနည်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘာလို့ မသွားကြတာလဲ ဆိုတော့ ကလော မြို့ခံတွေက PNO ကို မကြိုက်လို့ မသွားတာပေါ့။ ပြည်သူကချစ်ရင် ခေါ်စရာတောင် မလိုဘူး။ ရွာတွေဘက်ကျတော့ သူတို့ စိတ်ကြိုက် လုပ်လို့ရတယ်ဆိုတော့ လူများကြောင်း ပြလို့ရတာပေါ့ ။ မြို့မှာတော့မရဘူး”ဟု ကလော မြို့ခံတစ်ဦးက ပြောသည်။
PNO ပါတီကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ခွန်သိန်းဖေ၊ ခွန်စံလွင်၊ နေဝင်းထွန်းတို့က ဦးဆောင်နေသည့် ပါတီဖြစ်သည်။
#MeKongNews
#ကလော
#PNO
#မဲဆွယ်ပွဲ
#ရှမ်းတောင်








