မဲခေါင်၊ ဒီဇင်ဘာ ၇
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာ အနီး၌ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအပါ အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် မြစ်ဆုံရွာရှိ ကျော်ရတနာဆီဆိုင် အနီးသို့ စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့သဖြင့် မိုးကုတ်ဘက်မှ စစ်ရှောင်လာသည့် ကိုယ်ဝန်ဆောင် ဇနီးမောင်နှံနှင့် ကလေးနှစ်ဦး အပါအဝင် အရပ်သား ပြည် သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“Y 12 ရောဂျက်ဖိုက်တာရော၂ ကြိမ်လာကြဲတာ၊ ကျား ၉ ဦး မ ၂ ဦး သေတယ်။ မြေပြင်မှာ တိုက်ပွဲ ဖြစ်မနေဘူး”ဟု မိုးမိတ်ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဗုံးဒဏ်ကြောင့် ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“စစ်တပ်က Double -Tap Strike လုပ်တာ ပထမအကြိမ် ကြဲချပြီး လူတွေ လူနာ ကောက်တာ၊ ကယ်ဆယ်တာတွေ လုပ်တဲ့အချိန် ထပ်ပြီး တိုက်ခိုက်တာဖြစ်လို့ လူထု သတိထားဖို့ လိုပါတယ်၊ အခု မိုးမိတ်မြစ်ဆုံ တိုက်တာ ဒီပုံစံပါပဲ။ လူထုကို အစုအပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုပါ” ဟု စစ်ရေး အကဲခတ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
မိုးမိတ်မြို့ကို TNLA ထံမှ တရုတ်အားကိုးဖြင့် စစ်ကောင်စီက ပြန်ရပြီးနောက် ယင်းမြို့ကို ပထမဆုံးအကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် မိုးကုတ် – မိုးမိတ် လမ်းပိုင်း၊ တွင်းငယ် – မန်းကျည်းပင် ကျေးရွာအထိ စစ်ကြောင်း ရောက်ရှိနေပြီး မိုးမိတ် – မဘိမ်း လမ်းပိုင်းတွင်မူ KIA နှင့် ပူးပေါင်းတပ်များ တပ်စွဲထားကြောင်း သိရသည် ။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက် အထိ တစ်ပတ်တာအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း ၉ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါသော ရန်သူ့စခန်းကုန်း တစ်ခုအား လက်ရ သိမ်းပိုက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#MeKongNews
#မိုးမိတ်
#စစ်ကောင်စီ
#ဗုံးကြဲ
#သေဆုံး








