မဲခေါင်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်နှင့် ဖယ်ခုံမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၉ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်များ သိမ်းဆည်းမိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာ နောက်ဆုံးရက်များတွင် တောင်စလုံးတိုက်ပွဲအတွင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အရာရှိက နှစ်ပွင့်ပဲရှိသေးတယ်၊ အရှင်၂ ယောက်အသေ ၉ ယောက်ရတယ်။ သူတို့က သတ်ကွင်းထဲ ဝင်လာတာ”ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲများအတွင်း MG 42 ငါးကြင်းမြီးစက်လတ်နှင့် စိန်ပြောင်းတစ်လက် အပါအဝင် လက်နက် ၁၀ လက်နှင့် စစ်သုံးပစ္စည်းများ ရရှိကြောင်း သိရသည်။
ရှမ်းတောင်၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ် ကျေးရွာများအား စစ်ကောင်စီတပ်နှင့် PNO – ပအိုဝ်းပြည်သူ့စစ်တို့က ထိုးစစ်ဆင်ခြင်းကြောင့် တော်လှန်ရေး အင်အားစုများနှင့် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေရာ တော်လှန်ရေး တပ်များဘက်မှလည်း ရှေ့တန်းကင်းများ ဆုံးရှုံးမှုရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် PNO ပူးပေါင်း စစ်ကြောင်းသုံးခုက အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံစွာ နေထိုင်သွားလာရန် MBPDF လင်းယုန်တပ်ဖွဲ့က တိုက်တွန်းထားသည်။
#MeKongNews
#ပင်လောင်း
#စစ်ကောင်စီတပ်
#သေဆုံး
#သုံ့ပန်း








