မဲခေါင်၊ ဒီဇင်ဘာ ၆
မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း – ၁ နှင့် အပိုင်း – ၂ တွင် ရှမ်းပြည်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအုပ်စု ၁၉၅ စု၊ စုစုပေါင်း နေရာ ၂၁၂ ခု၌ ရွေးကောက်ပွဲ ပြုလုပ်ရန် အခြေအနေ မရှိကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင် ထုတ်ပြန် ကြေညာသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း – ၁ တွင် ရှမ်းမြောက်မှ နောင်ချိုမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ စု၊ မူဆယ်မြိုနယ် မုံးကိုးမြို့ရှိရပ်ကွက် ၇ ခု၊ မန်ဟီးရိုးမြို့ရှိ ရပ်ကွက် ၃ ခု၊ ပန်ဆိုင်း (ကြူကုတ်)မှ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၆၃ စု၊ လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စု ၆၄ စုတို့၌ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း – ၂ တွင်မူ ရှမ်းအရှေ့၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာ အုပ်စု ၄ စု၊ မိုင်းဖြတ်မြို့နယ်ရှိ လုံကောင့် ကျေးရွာအုပ်စု၊ မိုင်းတုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ စု၊ မိုင်း ယောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ စု၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့မှ ရပ် ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၁၃ စု တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အပိုင်း – ၂ တွင်ပင် ရှမ်းမြောက်၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၆ စု၊ မိုင်းရယ်မြို့နယ်ရှိ ကျေးရွာအုပ်စု ၈ စု၊ ရှမ်းတောင်၊ မောက်မယ်မြို့နယ်ရှိ ကဒူးကြီး ကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ပြုလုပ်ရန် အခြေအနေမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသည့် မြို့ နယ် ၅၆ ခု ရှိကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်သူများ မပါဝင်ရန်နှင့် တတ်နိုင်သမျှ နည်းလမ်းစုံဖြင့် ဆန့်ကျင် တိုက်ဖျက်သွားကြရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
#MeKongNews
#ရွေးကောက်ပွဲ
#ရှမ်းပြည်
#စစ်ကောင်စီ
#နေရာ၂၁၂








