မဲခေါင်၊ ဒီဇင်ဘာ ၆
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်မည့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တတ်နိုင်သမျှ နည်းလမ်းများဖြင့် တိုက်ဖျက်မည်ဟု ရှမ်းလူငယ် အရပ်ဘက်အဖွဲ့အစည်းများက ဒီဇင်ဘာလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။
ယင်းရွေးကောက်ပွဲသည် စစ်အုပ်စုက ပြည်သူလူထူအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများကို ဖုံးအုပ်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို သက်ဆိုးရှည်ရန် ရည်ရွယ် ပြုလုပ်ခြင်းသာဖြစ်ပြီး ရှမ်းလူထုနှင့် ပြည်သူအများ လိုလားသည့် ဖက်ဒရယ်ကို သွေဖည်နေ၍ ယခုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရှမ်းလူငယ် အရပ်ဘက်အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ ဗန်ဒါက မဲခေါင်သို့ ပြောသည်။
“တစ်နိုင်လုံးက ပြည်သူလူထုများနဲ့ ရှမ်းပြည်သူတွေအနေနဲ့ ဒီအတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်တာပါ။ စစ်ကောင်စီ ကျဆုံးဖို့ အဖက်ဖက်က အတူတူဝိုင်းဝန်း လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်သည်ကိုလည်း အများပြည်သူသိ သကဲ့သို့ ရှမ်းပြည်လူထု အနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပူးပေါင်းခြင်း မပြုရန် တတ်နိုင်သည့် နည်းလမ်းများဖြင့် တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
#MeKongNews
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#ရှမ်းလူငယ်
#တိုက်ဖျက်
ပုံအညွှန်း – ဆားလင်းကြီးတွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးစိုက်ထူထားသည့် ပိုစတာ








