မဲခေါင်၊ ဒီဇင်ဘာ ၄
စစ်ကောင်စီအပေါ် TNLA နှင့်အတူ စစ်ရေးဖော်ဆောင်ခဲ့သည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLA အနေဖြင့် ဓနုဒေသ အတွက်သာမက မဟာမိတ်များနှင့် ချိတ်ဆက်ပြီး တော်လှန်ရေးကို ရှေ့ဆက်မည် ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းနိုင်က ဆိုသည်။
TNLA ၏ လက်ရှိ အနေအထားကြောင့် DPLA ၏ ရှေ့လုပ်ငန်းစဥ်များ မည်သို့ရှိမည်ကို မဲခေါင်က ဆက်သွယ် မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့ DPLA က ရှေ့ဆက်ရဖို့ကတော့ ဓနုဒေသချည်း မဟုတ်ပါဘူး၊ ဖြန့်နိုင်သလောက် ဖြန့်မယ်၊ မဟာမိတ်ရနိုင်သမျှ ချဲ့မယ်။ လက်တွဲရသလောက် တွဲပြီးတော့မှ အများကြီး ဖြန့်ကြက်ပြီး ကျနော်တို့ လုပ်နေကြပါတယ်”ဟု ၎င်းက ဆိုသည်။
မဟာမိတ်TNLA နှင့် ပတ်သက်၍ ၎င်းတစ်ဦးတည်း အမြင်အရ နောက်ဆုတ်သွားခြင်း မဟုတ်ဘဲ ခေတ္တ အားမွေးပြီး လိုအပ်မှုများ ဖြည့်တင်းရန် ယာယီ ရပ်ဆိုင်းနေခြင်းသာဖြစ်ပြီး အာဏာရှင် ပြုတ်ကျသည်အထိ တော်လှန်ရေးတွင် ပါဝင်နေမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ထို့ပြင် တော်လှန်ရေးတွင် TNLA သာမက အခြား တပ်ဖွဲ့များအနေဖြင့် သေနတ်ထုတ်သည့် စက်ရုံမရှိ၊ ကျည်ထုတ်သည့် စက်ရုံလည်း မရှိသကဲ့သို့ ရဲဘော်ထုတ်သည့် စက်ရုံလည်းမရှိဘဲ ၂ နှစ် ၃ နှစ်အထိ တိုက်ခဲ့သည်ကို တစ်နိုင်ငံလုံး သိမြင်ပြီးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဓနုအရေးကို ဦးဆောင်နိုင်ရန် နိုဝင်ဘာ ၁၄ ရက်တွင် ဓနုလူငယ်ဖိုရမ်၏ ကောင်စီတစ်ရပ် ဖွဲ့စည်းရာတွင် လည်း DPLA က နိုင်ငံရေးမျက်နှာစာ အနေဖြင့် ပါဝင်လျက်ရှိကြောင်း သိရသည်။
DPLA သည် TNLA နှင့်တွဲဖက်ပြီး ရှမ်းမြောက် တိုက်ပွဲများနှင့် ရှမ်းတောင်၊ အင်တော၊ ကျောက်ဂူ တိုက်ပွဲများတွင် စစ်ကောင်စီကို အပြင်းအထန် တိုက်ပွဲဝင်နေသည့် ဓနုတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။
#MeKongNews
#ဓနုဒေသ
#တော်လှန်ရေး
#မဟာမိတ်
#DPLA








