မဲခေါင်၊ ဒီဇင်ဘာ ၃
ကရင်နီပြည်နယ်၌ စစ်အာဏာ သိမ်းပြီးနောက် မတရား သတ်ဖြတ်ခံရသော အရပ်သားပြည်သူနှင့် စစ်ဘေးရှောင်များ ၈၃၃ ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက – PKPF ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းအရေအတွက်မှာ စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် အတွင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင် သေဆုံးသူ ၁၂၃ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြည်သူ သေဆုံးတာက စစ်ကောင်စီဖက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာ မြေမြှုပ်မိုင်း နင်းမိတာနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးတာနဲ့ တွေ့ပြီး သတ်ဖြတ်ခံရမှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်”ဟု မြေပြင် ရဲဘော်တစ်ဦးက မဲခေါင်သို့ ပြောသည်။
၅ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၄၈၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က လေကြောင်း တိုက်ခိုက်မှုပေါင်း ၂၁၁၁ ကြိမ် ပြုလုပ်ခဲ့ကာ နေအိမ်ပေါင်း ၃၂၁၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၃၀ခု၊ ဆေးရုံ ဆေးခန်း ၁၉ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေး အင်အားစုများကလည်း စစ်ကာင်စီတပ်၏ ယာဥ်တန်း ၆၉ စီး နှင့် တိုက်လေယာဥ်၊ ရဟတ်ယာဥ် ၄ စင်းကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၉၄၁ ဦးလည်း သေဆုံးခဲ့ကြောင်း PKPF က ထုတ်ပြန်ထားပသည်။
#MeKongNews
#စစ်အာဏာသိမ်း
#ကရင်နီ
#အရပ်သားပြည်သူ
#PKPF








