မဲခေါင်၊ နိုဝင်ဘာ ၂၆
ယနေ့ နိုဝင်ဘာ ၂၆ ရက်၊ နံနက်ပိုင်းက ယူနန်အစိုးရအလိုရှိ ကျားဖြန့်ခေါင်းဆောင် ၃ ဦးအပါအဝင် တရုတ်နိုင်ငံသား ၂၁ ဦးကို UWSA အဖွဲ့က လွှဲပြောင်းပေးလိုက်ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လွှဲပြောင်းခံရသူများအနက် ၁၈ ဦးသည် ဆက်သွယ်ရေး လိမ်လည်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိပြီး ၃ ဦးမှာ တရားမဝင် လုပ်ဆောင်မှုများတွင် ပါဝင် ပတ်သက်နေသည်ဟု သိရသည်။
၎င်းတို့ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပူအာမြို့၊ မန်ဂလီယန်ခရိုင်ရှိ မန်ဂလီယန်မြို့နှင့် လင်ချန်းမြို့၊ ကန်ယွမ်ခရိုင်ရှိ ယုံဟော်ဂိတ်တို့ မှတစ်ဆင့် လွှဲပြောင်းခဲ့ကြောင်း သိရသည်။
၎င်းကို မြန်မာနိုင်ငံတွင်း မည်သည့်နေရာက ဖမ်းဆီးမိသည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်ကလည်း တရုတ်နိုင်ငံသား ကျားဖြန့် ၈၅ ဦးကို မန်ခါးနယ်စပ်ဂိတ် မှတစ်ဆင့် UWSA က လွှဲပြောင်းပေးအပ်ခဲ့သေးသည်။
ယင်းမတိုင်မီ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီက ကျားဖြန့်လုပ်ငန်းများအား ၉ ကြိမ်တိတိ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၄၄၇ ဦး ရှိခဲ့ပြီးဖြစ်သည်။
အသေးစိတ်စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ၁၉ ဦး၊ မတ် ၁၃ ရက်တွင် ၁၆ ဦး၊ ဧပြီ ၉ ရက်တွင် ၄၈ ဦး၊ ဧပြီ ၂၅ ရက်တွင် ၇၂ ဦး၊ ဇွန် ၅ ရက်တွင် ၆ ဦး၊ ဇူလိုင် ၁ ရက်တွင် ၆၆ ဦး၊ ဇူလိုင် ၁၂ ရက်တွင် ၅၀ ဦး နှင့် ဇူလိုင် ၂၀ ရက်တွင် ၅၈ ဦးတို့ဖြစ်ကြပြီး စုစုပေါင်း ၃၁၁ ဦးရှိကာ သြဂုတ် ၃၀ ရက်တွင် ၃၀ဦးနှင့် စက်တင်ဘာ ၁၅ ရက်တွင် ၈၅ ဦး၊ ယခု နိုဝင်ဘာ၂၆ ရက်တွင် ၂၁ ဦး တို့ ဖြစ်သည်။
၎င်းတို့ကို “၀”- တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် လင်ချန်း ယုံးဟော်ဂိတ်၊ မုံးလျန်း၊မုံးအား – ပန်ဆန်းဂိတ်နှင့် လင်ချန်း မန်ခါးဂိတ် အစရှိသည့် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#ကျားဖြန့်
#UWSA
#ယူနန်
#တရုတ်








