မဲခေါင်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း PNA (PNO ပြည်သူ့စစ်) ၏ ဗိုလ်မှူး အဆင့်များ သေဆုံးခဲ့သည်ဟုဆိုကာ ယင်းဒေသရှိ ကျေးရွာများကို ကားအသစ် တစ်စီး ဝယ်ပေးရန် PNO/PNA က အတင်းအဓမ္မ တောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်း–ကရင်နီ နယ်စပ် တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်စိုးအောင် နှင့် ဗိုလ်မှူး ခွန်ဖေ တို့ သေဆုံးရမှုအတွက် တာဝန်ရှိသည်ဟုဆိုကာ ပင်လောင်းမြို့နယ် တောင်ပိုင်း လျင်ခန်၊ နန့်ဖာမူ၊ လွယ်ကျိုင်း၊ ဟိုဖယ်နှင့် ဟိုဝိုးရွာတို့မှ ပြည်သူများထံ ကျပ်သိန်းတစ်ထောင် ဝန်းကျင်တန်ဖိုးရှိသည့် ဖိုးဝီး 4×4 WD ကားအသစ် (တန်ဖိုး သိန်း ၁,၀၀၀ ဝန်းကျင်) တစ်စီး ဝယ်ပေးရန် ငွေတောင်းခံခဲ့ကြောင်း ဒေသခံစစ်ရေးကူညီသူတစ်ဦးက မဲခေါင်သို့ပြောသည်။
“သူတို့အကောင်ကြီးတွေကျလို့ဆိုပြီး ဝယ်ခိုင်းတာ၊ တစ်အိမ်၅သိန်းထည့်ရတယ်” ဟု ၎င်းက မဲခေါင်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပြောသည်။
ယင်းကျေးရွာများက စုပေါင်းပြီး လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် ကားဖိုးအနေဖြင့် ကျပ် သိန်း ၁,၀၀၀ ကျော်ကို PNO ထံ ပေးဆောင်လိုက်ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် တွင်စစ်ကောင်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်စိုးအောင် ဦးဆောင်သော တပ်ဖွဲ့က ဘောရန်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ခွန်စိုးအောင်မှာ စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးခြင်းဖြစ်သည်။
၎င်းသည် မသေဆုံးခင်ကလည်း စစ်ကောင်စီ လက်အောက်ခံ PNO အတွက် လူစုဆောင်းခြင်း၊ ၎င်းကိုယ်တိုင် ဦးဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ပြည်သူလူထုကျေးရွာကို မီးရှို့ခြင်းများတွင် ပါဝင်သူ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
“တစ်ခါတလေ ရှေ့တန်းကနေ ပြန်လာရင် သူတို့ဘယ်လို တိုက်ပွဲဝင်ရတယ်။ ရွာတွေကို ဘယ်လို မီးရှို့ရှင်းလင်းရ တယ် ဆိုတာမျိုး ကြားလေ့ရှိတယ်။ အခုတော့ သူ့ကံအတိုင်း သူ့လုပ်ရပ်အတိုင်း သူလည်း သေရတယ်လို့ပဲ ပြောရမှာပေါ့ဗျာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မဲခေါင်က ရရှိထားသည့် စာရင်းများအရ နိုဝင်ဘာလအတွင် ရှမ်း – ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO ဘက်မှ ဗိုလ်မှူးခွန်စိုးအောင်၊ ဗိုလ်မှူးခွန်ဖေ အပါအဝင် ဗိုလ်မှူး ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
လက်ရှိအချိန်အထိ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနှင့် ဒီမောဆိုးနယ်များတွင် တော်လှန်ရေးတပ်များနှင့် စစ်အုပ်စုများအကြား နေ့စဉ်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင်များတွင် အသေအပျောက် တိုးလာနေကြောင်း ဒေသခံများက ပြောသည်။
Photo crd – Nge Lay
#MeKongNews
#ပင်လောင်း
#PNA
#PNO
#အတင်းအဓမ္မငွေတောင်းခံမှု








