မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ (၅) ကြိမ်မြောက် ပါတီကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်မှုပိုင်းတွင် လူငယ်များပါဝင်လာသော်လည်း အဓိကဦးဆောင်မှုတွင် အပြောင်းအလဲမရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ယင်းကွန်ဂရက်ကို ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင် နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုအစည်းအဝေးကို ၈ နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ကွန်ဂရက်တွင် ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မရှင် စသည်တို့ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့သည် ဟု SSPP က သတင်းထုတ်ပြန်သည်။
ယခုရွေးချယ်လိုက်သည့် ပါတီဦးဆောင်မှုများတွင် လူငယ် ၅ ဦးခန့် အသစ်အနေဖြင့် ပါဝင်လာသော်လည်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့ များအနေဖြင့် အပြောင်းအလဲမရှိကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ကပြောသည်။
“ပါတီကွန်ဂရက်ကို လုပ်ထုံးလုပ်နည်းအတိုင်း ကျင်းပနိုင်ခဲ့ပါတယ်။ အသစ်အနေနဲ့ လူငယ်အချို့ ၄၊ ၅ဦး ပါဝင်လာတာရှိပါတယ်။ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့ များကတော့ အရင်အတိုင်း အပြောင်းအလဲမရှိပါဘူး” ဟု ၎င်းက ပြောသည်။
အစည်းအဝေးအပြီးတွင် ရရှိလာသည့် ရလဒ် ၅ ချက်ကိုလည်း SSPP က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
ယင်းထုတ်ပြန်ချက်များတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် နှင့် နိုင်ငံရေးရပ်တည်ချက်ချင်း တူညီသော ပါတီအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြ ထားသည်။
ထို့ပြင် ကျားဖြန့်မရှိစေရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးတို့ကိုလည်း အထူးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအစည်းအဝေးတွင် ကွန်ဂရက်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများမှ စုစုပေါင်း ၃၇၁ ဦး တက်ရောက်ခဲ့သည် ဟု ဆိုသည်။
#MeKongNews
#SSPP
#ပါတီကွန်ဂရက်
#ဝမ်ဟိုင်း
#အဓိကဦးဆောင်မှု








