မဲခေါင်၊ နိုဝင်ဘာ ၁၀
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ခရိုင်ရဲရုံးရှေ့တွင်ပင် နေထိုင်သူ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရပြီးတန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခံရကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင်ကျောက်မဲမြို့ ၇ ရပ်ကွက်၊ ၂ မိုင်ကုန်းအိမ်တွင်တစ်ဦးတည်း နေထိုင်သော မြေပွဲစားဒေါ်နန်းမြအောင် ၅၃ နှစ် သည် ဒဏ်ရာအများအပြားနှင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သိရတာတော့ လူတစ်စုက အိမ်ထဲဝင်ပြီး ပစ္စည်းယူလူသတ်လုပ်တာပဲ။ မသေခင်ပြန်ခုခံထားတဲ့ပုံ၊ လက်ထဲမှာ ဆံပင်အရှည် တထွေးကြီးတွေရတယ်။ ဖြစ်တာခရိုင်ရဲရုံးရှေ့နော်၊ ခုထိ တရားခံမသိရသေးဘူး။ ဒါ စစ်တပ်ပြန်အုပ်ချုပ်ပြီးမှ ပထမဆုံးဖောက်ထွင်းလုယက်လူသတ်မှုဖြစ်တာ၊ လူတွေလုံခြုံမှုမရှိဖြစ်နေတာ” ဟုကျောက်မဲ ၉ ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
ကွယ်လွန်သူ ဒေါ်နန်းမြအောင်၏ နာရေးကို နေအိမ်မှ အေးချမ်းသာသုသာန်သို့ နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ ကျောက်မဲအသင်းမှ ယမန်နေ့ နိုဝင်ဘာ၉ရက်တွင် ပို့ဆောင်သင်္ဂြိုဟ်ကူညီပေးခဲ့ကြောင်းသိရသည်။
#MeKongNews
#ကျောက်မဲ
#ရှမ်းမြောက်
#ပစ္စည်းယူလူသတ်
#စစ်ကောင်စီ








