မဲခေါင်၊ နိုဝင်ဘာ ၉
တန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ခရီးသည်တင် Express ယာဉ်တို့ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်ရှိ တပ်ဦးကျောင်းရှေ့တွင် နိုဝင်ဘာလ ၈ရက် နံနက်ပိုင်းက တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါလူငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
နိုဝင်ဘာ ၈ ရက်၊ နံနက် ၄ နာရီခွဲခန့်က ရန်ကုန်မှထွက်ခွာလာသော မိုးကောင်းကင် Express ယာဉ်နှင့် တန်ဆောင်တိုင်ပွဲတော်မှ ပြန်လာသည့် လူငယ် ၂ ဦး စီးလာသောမော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိပ်ချင်မူးတူးနဲ့ ဖြစ်တာထင်တယ်၊ ပွဲချင်းပြီးပဲ” ဟုလူမှုကူညီသူတစ်ဦးက ပြောသည်။
သေဆုံးသူများသည် ဘော်ဆိုင်းမြို့၊ ရွာသစ်တွင်နေထိုင်ကြသော မောင်အောင်ခိုင် နှင့် မောင်ဆန်းထွေး တို့ဖြစ်ကြ ပြီးအသက်၂၀ ဝန်းကျင်သာ ရှိသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မျက်နှာချင်းဆိုင်ကိုတိုက်တာတဲ့ ကျွန်တော်တို့ရောက်လာတော့ ကလေး ၂ဦးစလုံး အသက်မရှိတော့ပါဘူး။ ညဖက်ဆိုတော့အန္တရာယ်အရမ်းများတယ်။ ပွဲကာလလည်းဖြစ်တော့ ဂရုစိုက်မောင်းကြပါ။ ခုကငယ်ငယ်လေးပဲရှိသေးတယ်။ မိဘတွေကိုပဲသနားပါတယ်” ဟုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ပြောသည်။
ထို့နောက် ၎င်းတို့ရုပ်အလောင်းများကို မဟာဝီရရက္ခိတ လူမှုရေးအသင်းက စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ကာလတွင် ယာဉ်တိုက်မှုအကြိမ် ၂၀ ကျော်ဖြစ်ပွားပြီး လူ ၅၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်ထိန်းတစ်ဦးထံမှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲကို မူလကနိုဝင်ဘာ ၅ ရက်တွင်ပြီးဆုံးရန်သတ်မှတ်ထားသော်လည်း ရာသီဥတုကြောင့် ၃ ရက်ထပ်တိုးခဲ့ရာယမန်နေ့တွင် ပြီးဆုံးခဲ့သည်။
#MeKongNews
#ရွှေညောင်
#ရှမ်းတောင်
#ယာဉ်တိုက်မှု
#တန်ဆောင်တိုင်








