မဲခေါင်၊ နိုဝင်ဘာ ၆
တရားမဝင်ကုန်ဟုဆိုကာ ကာလကြာ ဖမ်းဆီးထားသည့် ကုန်ကား ၄၇၀ စီး ပေါ်မှ ကုန်ပစ္စည်းများကို ဒဏ်ကြေးဆောင်ကာ ပြန်ရွေးနိုင်ကြောင်း စစ်ကောင်စီ အကောက်ခွန်ဌာနက ကြေညာသည်။
ယင်း ကုန်ကား ၄၇၀ စီးထဲတွင် ရှမ်းပြည်၌ ဖမ်းဆီးထားသည့် ကုန်ကား ၆၄ စီးပါဝင်ကြောင်း၊ အခြားကုန်ကားများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အတွင်း ဖမ်းဆီးထားသည့် ကုန်များဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် ကုန်များမှာ လိုင်စင်မဲ့နှင့် အကောက်ခွန်မဲ့ကုန်များ၊ တားမြစ်ပိတ်ပင်ထားသည့် ကုန်များဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ယင်းထဲမှ ကန့်သတ်၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့် Vape၊ စီးကရက်၊ ဘီယာ၊ ဖဲထုပ် စသည့် ပစ္စည်းများကိုမူ လုံးဝ သိမ်းဆည်းသွားမည် ဖြစ်ကာ တချို့သော တရားမဝင်ပစ္စည်းများကို ဒဏ်ကြေး ၂ ဆ၊ ၁ ဆ၊ ထက်ဝက်၊ ဝ ဒသမ ၇၅ ဆ စသဖြင့် ဒဏ်ကြေးကောက်ကာ ရွေးရမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ယင်းသို့ ဒဏ်ကြေးဖြင့် ပြန်ရွေးနိုင်သည်ဆိုသော်လည်း ကုန်သည်အများစုအတွက် အဆင်မပြေကြောင်း၊ ဒဏ်ကြေးဖြင့် ပြန်ရွေးပါက ကုန်ပစ္စည်းတန်ဖိုး၏ ၄ဆ၊ ၅ ဆ ကျသင့်သွားမည်ဖြစ်ပြီး ပြန်ရောင်းရန်အတွက်လည်း တွက်ချေမကိုက်ကြောင်း ရှမ်းအရှေ့ ကုန်သည်တစ်ဦးက ပြောသည်။
“အခုဖမ်းထားတဲ့ နေရာအထိရောက်အောင်ကိုတောင်မှ လမ်းကြေးတွေအများကြီးပေးရတာ။ နယ်စပ်ကနေ စပြီးသွင်းကတည်းက သူတို့အကောက်ခွန် အပါအဝင် ဂိတ်တွေ၊ ဌာနတွေမှာ မနည်းဘူးပေးခဲ့ရတာ။ ဒီလိုပေးလည်း အဖမ်းခံရတာပဲ။ အခုသူတို့ပြောတဲ့ ဒဏ်ကြေးနဲ့ ရွေးရမယ်ဆိုရင် ကုန်ပစ္စည်းတန်ဖိုး၊ လမ်းကြေး၊ အခုဒဏ်ကြေးနဲ့ပေါင်းရင် တကယ့်ကုန်ကျစရိတ်က ၄ ၊ ၅ ဆ ဖြစ်သွားပြီ။ အဲဒါကို ဘယ်လိုလုပ်ပြီး ပြန်ရောင်းမလဲ။ အဲဒီတော့ မူလကုန်ကျထားတဲ့ ပိုက်ဆံပဲ အဆုံးခံလိုက်တာ ကောင်းပါတယ်။ ပြန်ရွေးဖို့ဆိုတာ မလွယ်တော့ဘူး” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ ဆေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်း၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ စားသုံးဆီ၊ စားသောက်ကုန်၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ တိရစ္ဆာန်သုံးဆေးဝါး၊ လယ်ယာသုံးစက်နှင့် စက်ပစ္စည်း၊ လယ်ယာလုပ်ငန်းသုံး ထော်လာဂျီ/ E Three Wheel Motorcycle များကို ဒဏ်ငွေ ထက်ဝက်၊ စက္ကူ၊ စာရေးကိရိယာနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများကို ဝ ဒသမ ၇၅ ဆ ကောက်ခံမည်ဟု ကြေညာထားသည်။
စက်မှုကုန်ကြမ်း၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စားသောက်ကုန်ကြမ်း၊ ကုန်ထုတ်ပိုးမှုပစ္စည်းများ၊ စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ၊ ကတ္တရာ၊ လျှပ်စစ်ဓာတ်အား ထုတ်/လွှတ်/ ဖြတ်ပစ္စည်းများ၊ ဘိလပ်မြေ၊ Machine and spare parts အပိုပစ္စည်းများ ( ယာဉ်/စက်/ဆက်သွယ်ရေး )၊ Electrical Goods/ လူသုံးကုန်ပစ္စည်း/ E Bicycle၊ လေဆိပ်သုံး Tractor၊ လယ်ယာသုံး (ထွန်စက်) တို့ကို တစ်ဆ ကောက်ခံမည် ဖြစ်ကာ ဓာတ်မြေဩဇာ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ LPG Gas၊ သံနှင့် သံမဏိပစ္စည်းများ၊ Construction Materials၊ တာယာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်၊ နောက်တွဲယာဉ်များကိုမူ ဒဏ်ကြေး ၂ဆ ကောက်ခံမည်ဟု စစ်ကောင်စီအကောက်ခွန်ဌာနက ကြေညာထားသည်။ လျှပ်စစ်ပစ္စည်းများ၊ ယန္တရားများကို ၃ ဆနှင့် လူစီးမော်တော်ယာဉ်များကို ၄ ဆ ကောက်ခံမည်ဟု ဆိုသည်။
စစ်ကောင်စီကောက်ခံသည့် ဒဏ်ကြေးမှာ ဈေးကွက်ပေါက်ဈေးထက် များပြားနေသလို ကုန်ပစ္စည်းအများစုမှာလည်း ပျက်စီးနေပြီဖြစ်သည့်အတွက် ကုန်သည်အများစု ပြန်ရွေးကြမည်မဟုတ်ကြောင်း ဟိုပုံးတွင် အဖမ်းခံရသည့် ကုန်ကားပေါ်မှ ပစ္စည်းပိုင်ရှင် ကုန်သည်တစ်ဦးက ပြောသည်။
“ကုန်သည်တွေအနေနဲ့ကတော့ ပြန်ရွေးဖို့ ရာခိုင်နှုန်းနည်းတယ်။ ရွေးခနဲ့ အရင်းနဲ့ ရှုံးနေသလို လက်ရှိပေါက်စျေးထက်လည်း အများကြီးပိုနေတော့ ရွေးကြတော့မှာမဟုတ်ဘူး။ တချို့ ကုန်တွေဆို ပျက်ကုန်ပြီလေ” ဟု ဟိုပုံးတွင် အဖမ်းခံရသည့် ကုန်ကားပေါ်မှ ပစ္စည်းပိုင်ရှင် ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ကုန်များသာမက ကုန်တင်လာသည့် မော်တော်ယာဉ်များအနက် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ရှမ်းပြည်မှ ကုန်ကား ၆ စီး အပါအဝင် လိုင်စင်မဲ့ယာဉ် ၂၁ စီးနှင့် ပိတ်ပင်တားမြစ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၅ စီး စုစုပေါင်း မော်တော်ယာဉ် ၃၆ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ပြီး ကျန်မော်တော်ယာဉ် ၄၃၄ စီးကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ကြေညာထားသည်။
#MeKongNews
#ရှမ်းပြည်
#တရားမဝင်ကုန်စည်
#ဒဏ်ကြေး
#ကုန်သွယ်ရေး
#စစ်ကောင်စီ








