မဲခေါင်၊ အောက်တိုဘာ ၂၉
TNLA နှင့်စစ်ကောင်စီတို့ တရုတ်နိုင်ငံကူမင်း၌ ၂ရက်ကြာတွေ့ဆုံပြီးနောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြောင်း TNLA က ယနေ့သတင်းထုတ်ပြန်သည်။
PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇-၂၈)ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်ဟု The Ta’ang Post News က ယနေ့ အောက်တိုဘာ ၂၉ရက်တွင် ဖော်ပြလာသည်။
ယင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ၂ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဟု ပါရှိသည်။
တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (၀၀ : ၀၀)နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပါရှိသည်။
#MeKongNews
#TNLA
#စစ်ကောင်စီ
#အပစ်ရပ်
#တရုတ်နိုင်ငံ
#ကူမင်းမြို့








