မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ခဲ့သည့် ကျောက်မဲမြို့တွင် TNLA နှင့်ပတ်သက်ခဲ့သူများကို ဖမ်းဆီးသည့် လူဖမ်းပွဲ
စစ်ကောင်စီက ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလူဖမ်းပွဲကို ယမန်နေ့ အောက်တိုဘာ၂၇ရက်က စတင်ခဲ့ပြီးဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ TNLA ထိန်းချုပ်စဥ်ကာလက အုပ်ချုပ်ရေးမှူးခန့်ထားခံရသူများ ပါဝင်ကြောင်း သိရသည်။
“မနေ့ညက ဖမ်းတယ်။ ဒီမနက်မှာ အိမ်တွေချိတ်ပိတ်တယ်။ အချုပ်ထောင်က ပြင်နေတာ ပြီးသွားလို့ စဖမ်းတာ ဖြစ်မယ်။ ခုအနည်းဆုံးဖမ်းတာ ၁၀ဦးကျော်ပြီ” ဟု ကျောက်မဲဒေသခံတစ်ဦးက မဲခေါင်ကို ယနေ့ အောက်တိုဘာ၂၈ရက်တွင်ပြောသည်။
ဖမ်းဆီးခံရသူများအနက် TNLA လက်ထက် စျေးဥက္ကဌနှင့် ရပ်ကွက်၄ အုပ်ချုပ်ရေးမှူး ဦးမိုး၊ ရပ်ကွက်၂၊ ရန်ကင်းမှ ကိုသောင်းဟန်နှင့် မန်နားမှရွှေယုန်စတိုးပိုင်ရှင်၊ ရပ်ကွက် ၁၊ ၆ အုပ်ချူပ်ရေးမူးများ ပါဝင်ကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ နေအိမ်များကိုလည်း တပါတည်း ချိတ်ပိတ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အခုက ည၆နာရီနောက်ပိုင်း သွားလာလို့မကောင်းဘူး။ မိုင်းလာထောင်လို့ မိတာတွေလည်းရှိနေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ရက်ပိုင်းအတွင်း အမှတ် ၇ ရပ်ကွက်အစပ်၌ မိုင်းလာထောင်သူ TNLA တပ်ဖွဲ့ဝင် ၂ဦးနှင့် သတင်း ပေး၍ အဖမ်းခံရသူ ၃ဦးရှိနေကာ တအာင်းပလောင် လူမှုရေးအသင်း အုမ်တမာဝ် အဖွဲ့ဝင်များနှင့် ပလောင်လူမျိုးများ ထိတ်လန့်စွာနေထိုင်နေကြရကြောင်း သိရသည်။
ကျောက်မဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်က TNLA လက်ထဲမှ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။
#MeKongNews
#ကျောက်မဲ
#စစ်ကောင်စီ
#လူဖမ်းပွဲ
#TNLA
ပုံ – တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် ကျောက်မဲရဲစခန်းနှင့်အချုပ်ထောင်








