မဲခေါင်၊ အောက်တိုဘာ ၂၄
အွန်လိုင်း စလော့ဂိမ်းနှင့် ဘောလုံးလောင်းကစားအေးဂျင့် ၁၈ဦး၊ ငွေထုတ်ပေးသူ ၉ဦး တို့ကို ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
၎င်းတို့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံရှိ Secret Villa Private Resort၊ ရန်ကင်းရှိ The Lord စားသောက်ဆိုင်အနီး၊ ဒဂုံမြို့သစ်-အရှေ့ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ နေအိမ်၊ မဟာအောင်မြေရှိ Focus ဟိုတယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးရသူများမှာ Super Senior Agent အဆင့် လုပ်ကိုင်သူများဖြစ်သည့် ယဉ်မင်းလှိုင်၊ မာရီယာ (ခေါ်) မီးလေး၊ ဖြိုးမင်းသူ (ခေါ်) ရောင်နီ၊ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး၊ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက် နှင့် ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း တို့ ၆ဦး၊ Senior Agent ဝင်းပပအောင်နှင့် သက်ဖြိုးနိုင်၂ဦးနှင့် Agent အဆင့် သူရအောင်၊ သိန်းထိုက်အေး၊ မေမြတ်နိုး၊ အောင်မင်းခန့်၊ သိန်းထိုက်စံ၊ ကောင်းမြတ်သူ၊ ထက်ထက်နိုင်၊ ချမ်းမို့မို့ဖြိုး၊ ရတနာတိုးဝေနှင့် သဉ္ဇာငြိမ်းတို့ ၁၀ ဦးဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ငွေလွှဲ/ငွေထုတ်လုပ်သူများဖြစ်သည့် မိုးဟိဏ်းထွန်း၊ ဇော်ထိုက်အောင်၊ ဟိန်းဇော်ဦး၊ စုပုံချစ်၊ မေသဇင်ထွန်း၊ အေးချမ်းအောင်၊လျှံဖုန်းပိုင်၊ ဟိန်းသီဟ (ခ) ဂျိုကာ၊ အောင်ချမ်းမင်းတို့ ၉ဦးကိုလည်း တပါတည်းဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ကြေညာသည်။
ဖမ်းဆီးရမိသူများနှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်တော့ပ် ၂ လုံး၊ Tablet ၂ လုံး၊ မော်တော်ယာဉ် ၈ စီး တို့လည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထိုသူများသည် Facebook နှင့် Telegram တို့တွင် ကြော်ငြာတင်၍ User များဆွဲဆောင်ကာ KBZ, AYA, Yoma, CB, UAB, A Bank, Kpay, Wavepay စသည့် အကောင့်များမှတစ်ဆင့် ငွေလွှဲလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့သည် Ibet 789၊ 555 Mix၊ Moung 556 စသည့် ဘောလုံးလောင်းကစားများနှင့် Slot လောင်းကစား၊ ရှမ်း ၂၃၄ ဖဲလောင်းကစား၊ 2D/3D လောင်းကစား Website များတွင် ကော်မရှင်စား Agent များအဖြစ် လျှောက်ထားပြီး၊ Facebook နှင့် Telegram Group များတွင် ကြော်ငြာကာ User များအား အကောင့်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Super Senior Agent များက Distributor Agent များထံမှ ယူနစ်များ ဝယ်ယူပြီး အဆင့်ဆင့် ငွေအမြတ်ယူကာ User များထံ ပြန်ရောင်းချခဲ့ပြီး၊ ငွေလွှဲ/ငွေထုတ်များကို KBZ Pay၊ Wavepay နှင့်အ ခြား Bank Account များ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လောင်းကစားဂိမ်းကြော်ငြာပေးသူ ဆယ်လီများ၊ လုပ်ငန်းအတွက် အေးဂျင့်လုပ်သူများ၊ Social Media Page/Channel/Account များ၊ လုပ်ငန်းသုံး Bank အကောင့်များနှင့် ဖုန်းနံပတ်များကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့ရန် ထုတ်ပြန်ထားကြောင်းသိရသည်။
သတင်းပေးပါက တရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် ငွေနှင့် ပစ္စည်း ရောင်းရငွေများထဲမှ ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးရာတွင် ပါဝင်သူအားလုံးကို ၂၀ ရာခိုင်နှုန်း ချီးမြှင့်ရန်ရှိကြောင်း သိရသည်။
#MeKongNews
#စလော့ဂိမ်း
#အွန်လိုင်းလောင်းကစား
#ရန်ကုန်
#မန္တလေး








