မဲခေါင်၊ အောက်တိုဘာ ၂၃
တရားမဝင်ကုန်စည်များကိစ္စဖြင့် စစ်တပ်အသိုင်းအဝန်းကြား နာမည်ထွက်နေသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ကိုယ်ရေးအရာရှိ(PSO) ဗိုလ်ကြီးရဲသူအောင်ကို နေပြည်တော်စစ်ရုံးချုပ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်ရိုက်ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်များထံမှ ခိုင်လုံစွာ သတင်းရရှိသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးမှာ ယခင် ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်းကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ဇူလိုင်လအထိ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှာ တရားမဝင်ကုန်စည်တင်ကားများပေါ်မှ ငွေကြေးရယူမှု၊ ကိုယ်တိုင်ပါဝင်မှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“ဟိုရက်ကလည်း PSO နဲ့ ပတ်သက်နေတဲ့ ရပ်စောက်က ဂိုထောင်တစ်လုံးကိုဖမ်းတာ၊ ၁၂ဘီးကားနဲ့၁၀စီးကျော်တယ်။ တားမြစ်ကုန်အစုံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ ကျောက်စိမ်းတွေ အိတ်လိုက်ပဲ။ ဖမ်းခံရတဲ့အထဲမှာ PSO နဲ့တွဲဘက် ဟံသာဆိုတာလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းဖမ်းဆီးမှုမှာ ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်နေ့က တောင်ကြီးခရိုင်မှ တရားမဝင်ကုန်စည်ဖမ်းဆီးရေးအဖွဲ့စုံဖြင့် ရပ်စောက်-ပင်းတယ သွားကားလမ်းဘေး ကန်တလက်ရွာရှိ အငှားဂိုထောင်ကြီးတစ်လုံးအား လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖမ်းဆီးမှုအတွင်း PSO နှင့်ပတ်သက်သူ စီးပွားရေးလုပ်ငန်းရှင်များ၏တရားမဝင် ကုန်စည်များတွင်မူးယစ်ဆေးဝါးနှင့်ကျောက်စိမ်းများပါရှိကြောင်း အကြောင်းသိ တစ်ဦးထံမှ သိရသည်။
“တွေ့တာတွေထဲက စာရင်းချန်၊ စာရင်းဖျောက်ထားတွေရောနဲ့ ပစ္စည်းပိုင်ရှင်တွေ၊ သူတို့ရှေ့နေတွေ ရှုပ်နေတာပဲ။ PSO ဆရာ တိုင်းမှူးတောင် သူ့တပည့်ကို မကယ်နိုင်တဲ့အပြင် သူပါ အစစ်ခံနေရတယ်ကြားတယ်။ ဒီလို တရားမဝင်ကုန်စည်ကိစ္စတွေနဲ့ ကြီးပွားပြီး တိုင်းမှူးဖြစ်တာကိုပဲ သူတို့စစ်တပ်ထဲမှာ မကျေမလည်ဖြစ်နေတာ” ဟု ၎င်းကပြောသည်။
ယခုဖြစ်ရပ်များ မတိုင်မီက ထိုင်းနယ်စပ်မှ ဝင်လာသည့် ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူးစိုးညွန့်အောင်နှင့် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို နေပြည်တော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ သြဂုတ်လအတွင်းက တိုက်ရိုက်လာရောက် ဖမ်းဆီးစစ်ဆေးနေသော်လည်း ရပခတိုင်းမှူးဖြစ်လာသူကို အရေးမယူသည့်အတွက် တပ်တွင်း မကျေနပ်ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ယင်းဖမ်းဆီးခံ ရတခ ဒုတိုင်းမှူးဗညားဝင်းမှာ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးဖြစ်လာခြင်းဖြစ်သလို ယခု ရပခတိုင်းမှူး နိုင်ဇော်ဦးမှာလည်း ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ဘူးသူဖြစ်သည်။
ယင်းသို့ တာဝန်ယူခဲ့စဥ်ကလက်ရှိ ဖမ်းဆီးခံရသူ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှ တစ်ဆင့် တရားမဝင်ကုန်စည်ကားကြီး တစ်စီးလျင် ကျပ် ၂သိန်းခွဲ၊ သစ်မှောင်ခိုကားတစ်စီးလျင် ကျပ် ၆သိန်း၊ တရားမဝင် သစ်စက်တစ်စက်လျင် လစဥ်ကြေး ကျပ်၆၀သိန်းနှင့် အခြားကားများအားလည်း အနေအထားအမျိုးမျိုးအလိုက် တပ်နယ်မှူးကြေး၊ တပ်နယ်ကြေး၊ ဂိတ်ကြေး စသည်ဖြင့် နေ့စဥ် ရာချီဖြတ်သန်းလျက်ရှိသော ကုန်တင်ကားကြီး၊ ကားငယ် အမျိုးမျိုးထံမှ ကောက်ခံခဲ့ရာမှ တရားမဝင်ကုန်သည်များဖြင့် ကြီးပွားလာကာ ယခုအခါ ရပခ တိုင်းမှူးဖြစ်လာသည်ဟု စစ်ဘက်မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“စစ်ကောင်စီအနေနဲ့ မိမိစစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်အဆင့်များကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ဆုပေးဒဏ်ပေးဆောင်ရွက်ရမည်ဖြစ်ရမှာပါ၊ ကရင်ပြည်နယ်က ရတခ ဒု တိုင်းမှူး ကျတော့ အဲဲဒီကိစ္စတွေနဲ့ ဖမ်းဆီးခဲ့ပြီး အလားတူ ကိစ္စများနဲ့ပဲ ကြီးပွားနေတဲ့ ရပ်စောက်တပ်နယ်မှူးကို ရပခ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တာဟာ ဘာလို့လဲလို့ အကုန်လုံးက မေးနေကြတယ်”ဟု ၎င်းက မဲခေါင်သို့ ပြောခဲ့သည်။
ယင်းကိစ္စရပ်များဖြင့် ရပခ တိုင်းမှူးကို နေပြည်တော်မှ ခေါ်ယူစစ်ဆေးနေသည်၊ ဖမ်းဆီးထားသည်ဆိုသည့် သတင်းများထွက်ပေါ်လျက်ရှိပြီး မဲခေါင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
#MeKongNews
#ရပခ
#ဗိုလ်ကြီးရဲသူအောင်
#ဗိုလ်မှူးချုပ်နိုင်ဇော်ဦး
#တရားမဝင်ကုန်စည်








