မဲခေါင်၊ အောက်တိုဘာ ၂၁
တရုတ်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့အောက်တိုဘာ ၂၀ရက်နေ့ တွင် ရွာသွန်းခဲ့သည့် မိုးကြောင့် မြို့ပေါ်ရပ်ကွက်များဖြစ်ပြီး အနိမ့်ပိုင်းဖြစ်သည့် စွမ်ဆော်၊ ကောင်းမှုတုံ၊ ဖွေးဟုံး၊ တော်ရွက်ရပ်ကွက်များ ရေကြီးမှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မိုးက တနေကုန်ရွာနေတာ၊ ရေပါတာလည်းများတယ်။ ရွှေလီမြစ်ရေလည်း တက်လာတယ်။ မိုးလည်းဆက်ရွာမယ်။ မြစ်ရေလည်း ကြီးမယ်ဆိုရင် မြစ်ကမ်းနားကရွာတွေ ရေဒဏ်ခံရလိမ့်မယ်။ တရုတ်နယ်စပ် နန်းတော်ပေါက်ဆို ရေတော်တော်မြုပ်နေတယ်” ဟု စွမ်ဆော်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
အောက်တိုဘာလ ၂၀ရက်မှ စတင်တက်လာသည့် ရေမှာ အောက်တိုဘာလ ၂၁ရက်အထိ ဆက်လက်ကြီးနေဆဲဖြစ်ပြီး ကောင်းမှုလွယ်ရပ်ကွက်တွင် ကလေးတစ်ဦး ရေထဲပါသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ကမိုးက ဟိုနားရပ်ကွက် အိမ်ထဲက ဆိုင်ကယ်တွေ ရေမြုပ်တယ်။ ကောင်းမှုလွယ် ရပ်ကွက် ကလေးရေထဲပါသွားတာ ဆယ်လို့ရလို့ ဆေးရုံတင်ထားရတယ်။ မိုးစဲပေမယ့် ရေမကျသေးဘူး” ဟိုနားရပ်ကွက်နေ ဒေသခံက မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၂၁ရက်တွင် ပြောသည်။
မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇူလိူင်အတွင်းကလည်း မိုးဆက်တိုက်ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သေးသည်။
#MeKongNews
#မူဆယ်
#ရေကြီးရေလျှံ
#ကောင်းမှုလွယ်ရပ်ကွက်
#ရွှေလီမြစ်








