မဲခေါင်၊ အောက်တိုဘာ ၂၁
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချို-ကျောက်မဲ-သီပေါ မြို့များကိုဖြတ်သန်းသည့် ပြည်ထောင်စုလမ်းမကြီးမန္တလေး-လားရှိုး ကုန်သွယ်သွားလာမှုလမ်းကြောင်း ပုံမှန်သွားလာ နိုင်ပြီဖြစ်သော်လည်း လမ်းကြေးဂိတ်များ ပိုမိုများလာသည့်အတွက် ယာဥ်စီးခများ မသက်သာပဲရှိနေကြောင်း ခရီးသည်နှင့် ယာဥ်မောင်းများထံက သိရသည်။
မန္တလေးမှ လားရှိုး ယာဥ်စီးခ ယခင် ကျပ် ၂ သိန်းခွဲမှာ ယခုလမ်းကြောပွင့်လာသော်လည်း လမ်းတွင်ငွေတောင်းသည့် ဂိတ်များ ပိုများလာခြင်းကြောင့် ယာဥ်စီးခများ စျေးမကျဖြစ်နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကားခလျော့ပေးဖို့လုပ်တယ်။ ဒါပေမယ့် လမ်းစစ်တပ်ဂိတ်တွေက တောင်းတာရက်စက်တယ်။ သူတို့တောင်းပုံနဲ့ ကားခ ဘယ်လိုမှ မကျနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
၎င်း၏ လမ်းတစ်လျှောက်ပေးရသည့် ငွေကြေးစာရင်းတွင် မန္တလေးမှ ပြင်ဦးလွင် ၁၆ မိုင် – ၅ ဂိတ်၊ ဇီးပင်ကြီး-တစ်ဂိတ်၊ ပြင်ဦးလွင် အထွက် -၂ ဂိတ်၊ မြိုင်ကြီး – တစ်ဂိတ်၊ ဝက်ဝံ- ၃ ဂိတ်၊ ခြေမြစ်ပင်-၂ ဂိတ်၊ လွန်းကျော်-တစ်ဂိတ်၊ ဘန့်ဘွေး-တစ်ဂိတ်၊ နောင်ချိုအဝင်- ၂ ဂိတ်၊ နောင်ချို အထွက်-၂ ဂိတ်၊ ဂုတ်တွင်း-ဂိတ်များစွာနှင့် နောင်ပိန်-၂ ဂိတ်၊ ကျောက်မဲအဝင်-တစ်ဂိတ်၊ ကျောက်မဲ-သီပေါကြား ၄ ဂိတ် စုစုပေါင်း ၂၇ ဂိတ်နှင့် အထက်ရှိနေကာ ယင်းဂိတ်များတွင် ဂိတ်တစ်ဂိတ်လျင် ကျပ် တစ်သောင်းခွဲနှုန်းပေးရရာ ကျပ် ၄ သိန်း ၁ သောင်း ကုန်ကျရသည်ဟု ဆိုသည်။
“ဒါတောင် လူစီးသီးသန့်ကားရဲ့လမ်းကြေးနော်။ ဒီအထဲမှာ ခရီးသည်တစ်ယောက်ကို တစ်သောင်းဆိုပြီး ဂိတ်ကြေးဖြတ်တဲ့ စားရိတ်တွေမပါသေးဘူး” ဟု ယာဉ်မောင်းကဆိုသည်။
သီပေါကျော်သည်နှင့် ကိုးကန့်တပ်ဖွဲ့များကလည်း အထူးဒေသ-၁ ဆိုသည့် ပြေစာများနှင့် တစ်ဂိတ်လျင် ကျပ် ၅ဝဝဝ တန် ၂ ဂိတ်၊ လားရှိုးအဝင် လုံခြုံရေးယူထားသူများအား ကျပ်တစ်သောင်း၊ လမ်းကြိုကြား ကြိုကြား လက်တားများအား ကျပ်တစ်သောင်း၊ ပေါင်း ကျပ် ၃ သောင်းပေးရရာ သီပေါ အထိ ကျပ် ၄ သိန်း ၁ သောင်းနှင့် သီပေါအကျော် ကျပ် ၃ သောင်း၊ လမ်းကြေးအားလုံး ကျပ် ၄ သိန်းခွဲခန့် ရှိကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံမှ သိရသည်။
“အတက် တစ်ခြမ်းဆီဖိုးက ၂ သိန်းခွဲထား၊ အတက်မှာ လူစီးသီးသန့် ကားတစီးရဲ့ ကုန်ကျစားရိတ်က ၇ သိန်းအောက်ထစ်၊ ခရီးသည် ၄ ယောက်ကို တစ်ယောက် ၂ သိန်းခွဲ ရောင်းရင်တောင် ၁ဝ သိန်းရတဲ့အထဲက ကားမထွက်ခင် တရားဝင်ကားဂိတ်က ဘော်ဒါကြေး၊ဂိတ်ကြေး အကုန်နှုတ်ရင် လူ ၄ ယောက် ဘော်ဒါကြေး ၂ သိန်း ဂိတ်ကြေးဘာညာနဲ့ ၃ သိန်းနှုတ်သွားရင် ကားဆရာက ၇ သိန်းပဲရတော့ လမ်းမှာ ၇ သိန်းသုံးပြီး လားရှိုးရောက်တော့ ကားဆရာအတွက် ကျန်တာဆိုလို့ ကားနာတာနဲ့ ပင်ပမ်းတာပဲ အဖတ်တင်ကျန်တယ်” ဟု ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
အပြန် လူမရသည့် အခါ ကျန်ငွေ မရှိဘဲ စိုက်ငွေသာ ရှိသည့် အခေါက်မျိုးလည်းရှိနေပြီး အပြန် ခရီးသည်ရမှသာ ကားသမားအတွက် အဆင်ပြေကြောင်း ယာဉ်ပြေးဆွဲနေရသည့် အခြေအနေကို ၎င်းက ရှင်းပြသည်။
လမ်းမကြီးမပွင့်ခင်က မန္တလေးမှလားရှိုးသို့ သွားရာတွင် ရှမ်းတောင်မှ နမ့်လန်လမ်း၊ မိုင်းရယ်လမ်းတို့မှ ပတ်သွားရသည့်အတွက် ကားခမှာ ကျပ် ၂ သိန်းခွဲရှိခဲ့ရာ ယခုအခါ လမ်းပွင့်ပြီး ပတ်မသွားရသော်လည်း ငွေတောင်းသည့် ဂိတ်များပြားနေသည့်အတွက် ငွေကြေးကုန်ကျစရိတ် ထူးခြားစွာ သက်သာခြင်း မရှိပေ။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့ကစ၍ လားရှိုး – သီပေါ – မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်သွားခဲ့ရာ ကုန်တင်တွဲကားများကလွဲပြီး ကားလေးများ ပုံမှန် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#မန္တလေး
#ခရီးသွား
#စစ်ဆေးရေးဂိတ်
#ငွေတောင်း








